လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဧပြီ - ၂၆
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ နေအိမ် ၆၉ လုံးနှင့် စာသင်ကျောင်း ၅ ကျောင်း၊ ဆေးပေးခန်း ၁ ခန်း၊ မြောက်ဦးမြို့နယ်ရှိ နေအိမ် ၁၂၃ လုံး၊ မင်းပြားမြို့နယ်ရှိ နေအိမ် ၃၅ လုံးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ နေအိမ် ၁၁၃ လုံး၊ စာသင်ကျောင်း ၁ ကျောင်းတို့ အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်များ၌ ဧပြီ ၂၀ ရက်မှ ၂၂ ရက်အထိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက အဆောက်အဦများနှင့် လမ်းမများပေါ်၌ ကျိုးကျခဲ့သည့် သစ်ပင်သစ်ကိုင်းများအား ရှင်းလင်း ဖယ်ရှားခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။