လွိုင်ကော်မြို့နယ်ရှိ တပ်မတော်ဆေးရုံနှင့် ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ ဆေးရုံ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

လွိုင်ကော်မြို့နယ်ရှိ တပ်မတော်ဆေးရုံနှင့် ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ ဆေးရုံ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ မတ် - ၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နည်းပညာ တက္ကသိုလ်(လွိုင်ကော်)အနီးရှိ နေရပ်ပြန်ပြည်သူများ စိစစ်လက်ခံရေး နေရာသို့ သွားရောက်၍ ပြန်လည်ဝင်ရောက်လာသော ပြည်သူများနှင့်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။