လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အတွင်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

 

လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အတွင်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊  မတ် - ၂၃
    
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ် များတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အောင်ပြည့်ဖြိုး(ဘ)ဦးလှမြင့် သည် မတ် ၁၄ ရက်တွင် လှိုင်သဇင်လမ်းပေါ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်၌ အရိုး ၆ လက်မခွဲခန့်၊ အသွား ၅ လက်မခွဲခန့်ရှိ ဓားဦးချွန် ခေါက်ဓား ၁ ချောင်းကို ကိုင်ဆောင်ခွင့်မရှိဘဲ စွဲကိုင်သွားလာခဲ့မှုအတွက် လည်းကောင်း၊ စိန်သောင်း(ဘ)ဦးလှမြင့် သည် မတ် ၁၆ ရက်နေ့တွင် ပဒံကျေးရွာ၊ သမကုန်း လမ်းဆုံနေရာ၌ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် အရိုး ၄ လက်မခွဲခန့်၊ အသွား ၅ လက်မခွဲခန့်ရှိ ဓားဦးချွန် ၁ ချောင်းနှင့် အရိုး ၁၈ လက်မ၊ အသွား ၂၂ လက်မခန့်ရှိ ကိုင်းခုတ်ဓား ၁ ချောင်းအား ကိုင်ဆောင်ခွင့်မရှိဘဲ စွဲကိုင်သွားလာခဲ့မှုအတွက် လည်းကောင်း၊ စိုးသန်း(ဘ) ဦးလှဝင်း သည် မတ် ၁၆ ရက်နေ့တွင် ဗိုလ်အောင်ကျော်လမ်းမပေါ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ် တွင် အရိုး အသွား ၆ လက်မခန့်ရှိ ဂျင်ကလိ ၃ ချောင်းနှင့် အရိုး ၂ လက်မ၊ အသွား ၆ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းကို ကိုင်ဆောင်ခွင့်မရှိဘဲ စွဲကိုင်သွားလာခဲ့မှုအတွက် လည်းကောင်း၊ တင်ထွန်း(ဘ)ဦးစိုးသိန်း သည် မတ် ၁၈ ရက်နေ့တွင် (၁၆)ရပ်ကွက်၊ ရမည်းသင်းလမ်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် အရိုးအသွား ၂၇ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းကို ကိုင်ဆောင်ခွင့်မရှိဘဲ စွဲကိုင်သွားလာခဲ့မှုအတွက် လည်းကောင်း၊ ကျော်သက်(ဘ) ဦးတင်ဝင်း သည် မတ် ၁၈ ရက်နေ့တွင် အမှတ်(၁၉)ရပ်ကွက်၊ ပေါင်းကူး(၉)လမ်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်၌ အရိုး ၇ လက်မ၊ အသွား ၂၄ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်း အား ကိုင်ဆောင်ခွင့် မရှိဘဲ စွဲကိုင်သွားလာခဲ့မှုအတွက် လည်းကောင်း အသီးသီးဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၎င်းတို့အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၁၈၇၈ ခုနှစ်၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(င) ပါပြဋ္ဌာန်းချက်များ အရ ပြစ်ဒဏ်ထိုက်သင့်သည့် ကိုင်ဆောင်ခွင့် မရှိဘဲနှင့် လက်နက် တစ်ခုခုကို စွဲကိုင်သွားလာမှု ဖြင့် အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် အသီးသီးကျခံစေရန် မတ် ၁၉ ရက်တွင် အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။
    
အလားတူ ရွှေပြည်သာမြို့နယ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် ဖမ်းဆီးထိန်းသိမ်း ခဲ့သည့် မင်းထက်(ခ)လင်းထက်ပိုင်(ဘ)ဦးသန်းထွန်းနှင့် လှဝင်း(ဘ)ဦးစိန်မောင်တို့သည် မတ် ၁၆ ရက်နေ့တွင် SOLAMODA အထည်ချုပ်စက်ရုံအဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့မှုကို ကျူးလွန်ခဲ့သည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆ အရ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်ဖြင့် လည်းကောင်း၊ အောင်ထွန်း (ခ)ဆာမိ ၊ အောင်သက်ပိုင်(ခ)ပီချေးနှင့် ဝင်းကိုကို တို့သည် မတ် ၁၄ ရက်နေ့တွင် မြန်မာဟုန်ပေါင်၊ မက်နစ်ကယ်အင်န်၊ အီလက်ထရစ်ကယ်၊ အင်ဂျင်နီးယားရင်းကုမ္ပဏီလီမိတက် စက်ရုံမှအမည်မသိလူ ၅ ဦးမှ ခိုးယူလာပြီး လာရောက် ရောင်းချသည့် ပစ္စည်းများအား ခိုးရာပါပစ္စည်းဖြစ်ကြောင်း ယုံကြည်ရန်အကြောင်းရှိလျက်နှင့် ဝယ်ယူခဲ့ပြီး အဆိုပါပစ္စည်းများအား မရိုးမဖြောင့်သော သဘောဖြင့်လက်ခံထားရှိမှုကို ကျူးလွန် ခဲ့သည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၄ အရ အလုပ်နှင့်ထောင်ဒဏ်(၃)နှစ်ဖြင့် လည်းကောင်း၊ ကျော်သိန်းဝင်း(ခ)ကိုကိုဝင်း ၊ သီဟ(ခ)ဆံရှည်၊ ရန်နိုင်နှင့် နိုင်မင်း တို့သည် မတ် ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၈ ရက်နေ့တို့တွင်  ဆူပူအကြမ်းဖက်သူများနှင့်အတူ အော်ဟစ် ဆဲဆိုကြွေးကြော်ခြင်းများဆောင်ရွက်ပြီး အစိုးရဝန်ထမ်းများအား ရုံးတာဝန်ဝတ္တရားများ ပျက်ကွက်စေရန်သွေးထိုးလှုံ့ဆော်မှုများဖြင့် ၎င်းင်းတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က(ဂ) အရ အလုပ်နှင့်ထောင်ဒဏ်(၃) နှစ်တို့ဖြင့် လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၂၂ ရက်တွင် အသီးသီးအမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
    
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာအထက်တန်းကျောင်းများ အား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက်သည့်အပြင် အကြမ်းဖက်မှုများကိုပါ  ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။  စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေး မည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။