လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်များ အတွင်းရှိ ကျေးရွာ/ ရပ်ကွက် အချို့တို့မှ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်

နေပြည်တော်  ဧပြီ   ၂၈

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန် အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများကို   အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ညောင်ရွာကျေးရွာ၊ ရေဥက္ကံကျေးရွာ၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၆)ရပ်ကွက်၊ အမှတ်(၂ဝ)ရပ်ကွက်၊ ရွှေလင်ဗန်းစက်မှုဇုန်နှင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁၈)ရပ်ကွက်၊ အမှတ်(၂၃)ရပ်ကွက်၊ အုတ်ဖိုရပ်ကွက်၊ လှော်ကားရပ်ကွက်များရှိ အိမ်ထောင်စု စုစုပေါင်း ၃၆၈၄ဝ စုတို့အတွက် ဆန်၊ ဆီ၊ ပဲများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက်  သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်နှင့် အမရဌာနီ အရှေ့ရပ်ကွက်များအတွင်းရှိ အိမ်ထောင်စု စုစုပေါင်း ၃ဝဝ စုတို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများက    ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။