နေပြည်တော်၊ ဧပြီ - ၂၆
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက် နေ့စဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ စက်မှုဇုန်(၁/၂)၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၁၁)ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်တို့နှင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ အမှတ်(၅)ရပ်ကွက်တို့ရှိ အိမ်ထောင်စု စုစုပေါင်း ၁၀၆၀၀ စုတို့အတွက် ဆန်၊ ဆီ၊ ပဲ များကို ရန်ကုန် တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ပြည်သူများ ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ အကွက်အမှတ်(ဇဇ-၃၅/၃၆/၃၇/၃၈)ရှိ အိမ်ထောင်စု စုစုပေါင်း ၅၀၀ စုတို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။