နေပြည်တော်၊ ဇွန် - ၅
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ် ကျေးရွာ၊ ရွှေလင်ပန်းစက်မှုဇုံ၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ အမှတ်၊ ၂၇၄/၂၇၅ ရှိ TMR အထည်ချုပ်စက်ရုံအား မတ် ၁၅ ရက် နေ့လယ် ၁ နာရီခန့်တွင် မျိုးသန်းကျော်(ခ) ကျန်ကျောင်း(ဘ)ဦးထွန်းထွန်း၊ ကြက်ဖ(ဘ)ဦးကျော်ထွန်း၊ ကုလား(ဘ)ဦးမြင့်အေး၊ ဝဿန်(ဘ)ဦးမြအေး၊ ပိုင်လေး(ဘ)ဦးချိုဝင်းနှင့် သူရ(ခ) ဝဏ္ဏ(ဘ)ဦးအောင်ဝင်း တို့သည် မီးဇာပါသော ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ခဲ့ခြင်းဖြင့် မီးဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၄၃၆ အရ ၎င်းတို့အား ဇွန် ၄ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် ကြက်ဖ၊ ကုလား၊ ဝဿန်၊ ပိုင်လေး၊ သူရ(ခ)ဝဏ္ဏ တို့သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။