လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲ တိုက်ခိုက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပြန်လည်ရန်ပြုသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၁၅

    ဆူပူအကြမ်းဖက်သူများ အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးမှုကို ပျက်ပြားစေရန် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်း များ၏ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်၍ အေးချမ်းစွာ နေထိုင်လိုကြသော အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားပြီး ဒလန်ဟု စွပ်စွဲတိုက်ခိုက်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပြန်လည်ရန်ပြု တိုက်ခိုက်ခြင်းများအား လုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည်။

    ထိုသို့လုပ်ဆောင်လျက်ရှိရာ မေ ၁၄ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူများက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ဝေပုလ္လလမ်းတွင် နေထိုင်သော ဒေါ်သန်းဌေးနှင့် မိသားစုများအား ဒလန်မိသားစုဟု စွပ်စွဲကာ ဆဲဆိုကြိမ်းမောင်းခြင်း၊ လေးခွဖြင့် ပစ်ခတ်ခြင်း၊ ဓားများဖြင် ထိုးခုတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ထိန်းသိမ်းခဲ့ရာ အဆိုပါ အကြမ်းဖက်သူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွများ၊ ဓားများဖြင့် ပြန်လည်ရန်ပြုတိုက်ခိုက်ပြီး ကုလားကြီးစုကျေးရွာ၊ မွတ်ဆလင်သင်္ချိုင်း အနောက်ဘက် လယ်ကွင်းဘက်သို့ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးစဉ် အဆိုပါအဖွဲ့မှ ထပ်မံ၍ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် မီးရှို့နေခြင်း၊ ဓားများဖြင့် ခုတ်ရန် ကြံဆောင်လာခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အဆိုပါဆူပူ အကြမ်းဖက်သူလူအုပ်စုထဲမှ တိုးတက်ထက်မြတ်အောင်(ဘ)ဦးအောင်ကျော်ဦး ၏ ဝဲဘက်ပေါင်နှင့် ခြေမျက်စိတွင် (၁၂)ဗို့ကျည် ထိမှန်ဒဏ်ရာဖြင့် လည်းကောင်း၊ လင်းလင်းထက်(ဘ)ဦးအေးကို၊ ရိန်းပိုင်ဦး(ဘ)ဦးအောင်မျိုးဦး၊ ဝင်းနိုင်ထွေး (ဘ)ဦးမောင်ခိုင်တို့အား လည်းကောင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့နှင့် အတူ လက်လုပ်ဗုံးမျိုးစုံ ၄ လုံး၊ ဓား ၂ ချောင်း ပြုပြင်ထားသော ကတ်ကြေး ၁ လက်၊ လေးခွ ၁ လက်တို့အား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ဆူပူ အကြမ်းဖက်အုပ်စုတွင် ပါဝင်သူ ဇော်မြင့်(ဘ)ဦးကျော်ခင်မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။

    အထက်ပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော တိုးတက်ထက်မြတ်အောင်  အား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပြီး ဖြစ်စဉ်အတွင်း ပါဝင်ခဲ့သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။