လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုံ(၁) ဦးထွန်းညိုလမ်းရှိ Winco BAG (အိတ်ချုပ်စက်ရုံ)အား မီးရှို့ခဲ့သည့်ဖြစ်စဉ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊ ဧပြီ - ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဇော်လွင်နှင့် ဇော်လင်း တို့သည် မတ် ၁၆ ရက်  နေ့လယ် ၂ နာရီခွဲခန့်တွင် စက်မှုဇုံ(၁) ဦးထွန်းညိုလမ်းရှိ Winco  BAG (အိတ်ချုပ် စက်ရုံ)အား မီးရှို့ခဲ့ခြင်းဖြင့် မီးဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ-၄၃၆ အရ အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ်အား ဧပြီ ၅ ရက် တွင် အသီးသီးအမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူ ၂ ဦးအနက် ဇော်လင်း သည် ထွက်ပြေးလွတ် မြောက်နေသဖြင့် ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက်သည့် အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့်             ( Martial  Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။  စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။