လှိုင်းဘိုဘို ထိုင်းလိဂ်(၁)ကလပ် ဆူခိုထိုင်းအသင်းသို့ပြောင်းရွှေ့ရန် မကြာမီ ထိုင်းနိုင်ငံသို့ သွားရောက်မည်

 

ရတနာပုံအသင်း ကွင်းလယ်ကစားသမား လှိုင်းဘိုဘိုသည် ယခုနှစ်ဘောလုံးရာသီတွင်  ထိုင်းလိဂ်-၁ ကလပ်   ဆူခိုထိုင်း အသင်းသို့ ပြောင်းရွှေ့ကစားရန် သဘော တူညီထားပြီးဖြစ်၍ မကြာမီ ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ဆူခိုထိုင်းအသင်းသည် လှိုင်းဘိုဘိုကို ထိုင်းလိဂ်ဘောလုံးရာသီအတွက် ရာသီဝက် အငှားစာချုပ်ဖြင့် ခေါ်ယူရန် ရတနာပုံအသင်းထံ   တရားဝင်ကမ်းလှမ်းခဲ့ရာ   ပြီးခဲ့သည့်    ဒီဇင်ဘာနောက်ဆုံးပတ်က နှစ်ဖက်အသင်း သဘောတူညီမှုရရှိထားပြီးဖြစ်သည်။

“ဆူခိုထိုင်းအသင်းကို ရာသီဝက်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားမှာဖြစ်ပါတယ်။ ထိုင်းကို    လာမယ့် ရက်ပိုင်းလောက်မှာ သွားရမယ်ထင်ပါတယ်။    နေထိုင်ရေးအတွက် သူတို့ဘက်က  အားလုံးစီစဉ်ပေး မယ်လို့သိရပါတယ်။    လစာကတော့ ဟိုရောက်မှ ညှိနှိုင်းရမှာဖြစ်ပြီး တရားဝင် စာချုပ်ချုပ်ဆိုမှုလည်း   တစ်ခါတည်းလုပ်ဆောင်မှာဖြစ်ပါတယ်”ဟု လှိုင်းဘိုဘို ကပြောသည်။

အသက် ၂၅ နှစ်အရွယ် လှိုင်းဘိုဘို သည် ၂၀၁၄ ခုနှစ်က ရတနာပုံအသင်းနှင့်   ပရော်ဖက်ရှင်နယ် ကစားသမားဘ၀စတင်ခဲ့ပြီး အသင်းနှင့် ကာလရှည်စာချုပ် ချုပ်ဆိုထားသည်။ လှိုင်းဘိုဘိုသည်   ၂၀၂၀ ဘောလုံးရာသီက ရတနာပုံအသင်း၌  အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ခြေစွမ်းပြခဲ့ပြီး မကြာမီ   ပြည်ပသို့   ပထမအကြိမ် သွားရောက်ကစားမှုဖြစ်လာမည်ဖြစ်သည်။ လက်ရှိ ထိုင်းလိဂ် (၁)  ကလပ်  ဆူခိုထိုင်းအသင်း၌  မြန်မာ့လက်ရွေးစင်နှင့်ရတနာပုံအသင်း နောက်ခံကစားသမားဟောင်း  ဇော်မင်း ထွန်း ပါဝင်ကစားလျက် ရှိသည်။