လန်ဒန်၊ ဘောလုံး
ချယ်လ်ဆီးအသင်းသည် ဧပြီ ၃ ရက် ညပိုင်းက ကစားသည့် ဝက်စ်ဘရွန်းအသင်းနှင့် ပွဲစဉ်တွင် ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် အသင်းသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း တစ်သင်းတည်းကို ပေးဂိုးအများ ဆုံးပွဲစဉ် အဖြစ် မှတ်တမ်းဆိုးရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း၌ ဝက်စ်ဘရွန်းအသင်းကို ၅ ဂိုး-၂ ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ပြီး နည်းပြတူချယ်လက်ထက် ပထမဆုံး ရှုံးပွဲတွေ့ကြုံခဲ့ရသည်။
ချယ်လ်ဆီးအသင်းသည် ယခုဘောလုံးရာသီတွင် ဝက်စ်ဘရွန်းအသင်းနှင့် ပထမအကျော့ပွဲစဉ်အဖြစ် ဝက်စ်ဘရွန်း အသင်းအိမ်ကွင်း၌ ကစားခဲ့စဉ်က သုံးဂိုးစီသရေရလဒ်ထွက်ပေါ်ပြီး ယခုပွဲစဉ်တွင် ငါးဂိုးထပ်မံ ပေးခဲ့ရသဖြင့် နှစ်ကျော့ပေါင်း ရှစ်ဂိုးအထိပေးရကာ တစ်ရာသီအတွင်း အသင်းတစ်သင်းတည်းကို ပေးဂိုး အများဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဆိုး တစ်ရပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။
ပွဲစဉ်အပြီးတွင် နည်းပြတူချယ်က “ကျွန်တော် တို့အသင်း ဒီနေ့ပွဲစဉ်မှာ အနိုင်ရဖို့ ယုံကြည်မှုမရှိပါဘူး။ ပွဲချိန် အတွင်းမှာ အမှားတွေအများကြီးကျူးလွန်ခဲ့ပါတယ်။ အမှားတွေပြုလုပ်ခဲ့မိတာကြောင့် အခုလို ရလဒ်ဆိုး ပိုင်ဆိုင်ခဲ့ရတာပါ။ တကယ်ဆိုရင် ဒီလောက်ဂိုးပြတ်ဖို့ မသင့်ဘူးထင်ပါတယ်။ ကျွန်တော် တို့ကစားသမားတွေ အခုပွဲစဉ်ကအမှားတွေကို သင်ခန်းစာယူရပါလိမ့်မယ်” ဟု ပြောသည်။
နည်းပြတူချယ်သည် ချယ်လ်ဆီးအသင်းကို ဇန်နဝါရီလက စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး နောက် ၁၃ ပွဲ ဆက် ရှုံးပွဲမရှိအောင်စွမ်းဆောင်နိုင်ခဲ့သော်လည်း ဝက်စ်ဘရွန်းအသင်းကို ရှုံးနိမ့်ပြီးနောက် ပထမဆုံးရှုံးပွဲတွင် မှတ်တမ်းဆိုးတစ်ရပ်ရရှိခဲ့ခြင်း ဖြစ်သည်။
အလားတူ အဆိုပါပွဲစဉ် ပွဲချိန် ၂၉ မိနစ်တွင် အနီကတ်ပြသခံရသည့် သီယာဂိုဆေးဗားလ်သည်လည်း အသင်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံး အနီကတ်ပြသခံရသည့်ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ သည်။
ချယ်လ်ဆီးအသင်း သမိုင်းတစ်လျှောက်တွင် အသက်အကြီးဆုံး အနီကတ်ပြသခံရသည့် ကစားသမားအဖြစ် ၂၀၁၆ ခုနှစ်တွင် ဂျွန်တယ်ရီ စံချိန်တင်ထား ခဲ့ခြင်းကို ယခုအခါ သီယာဂိုဆေးဗားလ်က အသက် ၃၆ နှစ်နှင့် ၁၉၃ ရက်ဖြင့် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ဝက်စ်ဘရွန်းအသင်းကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ် ပွဲ ၃၀ ကစားပြီး ချိန်တွင် ရမှတ် ၅၁ မှတ်ဖြင့် အဆင့် (၅) နေရာမှ ဝက်စ်ဟမ်းအသင်းထက် နှစ်မှတ်သာ၊ အဆင့် (၆)နေရာမှ စပါးအသင်းထက် သုံးမှတ်အသာဖြင့် အမှတ် ပေးဇယားအဆင့် (၄)နေရာ၌ ရပ်တည်နေသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက်ရုန်းကန် ရဖွယ်ရှိကြောင်း သိရသည်။
Ref;Football London