လီဗာပူး၊ ဘောလုံး
မန်ယူအသင်းသည် ဖေဖော်ဝါရီ ၉ ရက်ညက ဝက်စ်ဟမ်းနှင့်ကစားခဲ့သည့် အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွင် အချိန်ပို ၉၇ မိနစ်ရောက်မှ တိုမင်နေးသွင်းယူသည့် တစ်ဂိုးတည်းဖြင့် အနိုင်ရခဲ့ပြီးနောက် အက်ဖ် အေဖလား ကွာတားဖိုင်နယ်သို့ ရှစ်နှစ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့သည်။ မန်ယူအသင်းသည် ၂၀၁၆ ခုနှစ် နောက်ပိုင်း အက်ဖ်အေဖလား ချန်ပီယံဆုကို တစ်ကြိမ်မျှ ရယူနိုင်ခဲ့ခြင်းမရှိရာ ယခုနှစ်တွင် ထိုဆုဖလားအား ပြန်လည်ရယူနိုင်ရန် နီးစပ်လာခဲ့ပြီဖြစ်သည်။
မန်ယူနည်းပြဆိုးလ်ရှားက မိမိအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဦးဆောင်ထားနိုင်ပြီးမှ အဲဗာတန်နှင့်သုံးဂိုးစီသရေကျခဲ့ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များရှိနေချိန် ယခု ဝက်စ်ဟမ်း နှင့်ပွဲကို အနိုင်ရလိုက်သည့် အတွက် စိတ်ဓာတ်ပိုင်းမှာ ချီးကျူးစရာဖြစ်သည် ဟုပြောသည်။ ဆိုးလ်ရှားက “ကျွန်တော်တို့ အတွက် ရလဒ်ကောင်းနဲ့ စိတ်ခံစားချက်ကောင်း ဖို့အတွက် အရေးကြီးတဲ့ပွဲမှာ အနိုင်ရ လိုက်တာ ဖြစ်လို့ ကျေနပ်စရာပါ။ အဲဗာတန်နဲ့ပွဲအပြီးမှာ ကျွန်တော်တို့အသင်း စိတ်ဓာတ်ပိုင်းက အကျ ဘက်ရောက်ခဲ့ရတဲ့အတွက် နိုင်ပွဲလိုအပ်လာတာဖြစ်ပါတယ်။ အဲဗာတန်နဲ့ပွဲက နောက်ဆုံး မိနစ်မှ ချေပဂိုးပေး လိုက်ရတဲ့အတွက် ဒီရလဒ် ကိုလက်ခံနိုင်ဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲမှာ ကျွန်တော့် ကစားသမား တွေ အာရုံ အပြည့်အဝစိုက်ထုတ်ကစားနိုင်ခဲ့ကြတယ်” ဟု ပြောသည်။
မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်ယာကလည်း “အဲဗာတန်နဲ့ပွဲက တကယ်ကို ခက်ခဲခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့အတွက် ပြီးပြည့်စုံ သွားပါပြီ။ ဒီအကျပ်အတည်းက ကျော်ဖြတ်နိုင်ဖို့ အရေးကြီးပါတယ်” ဟုပြောသည်။
ထိုပွဲတွင် တိုမင်နေးသွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သော ရက်ရှ်ဖို့ဒ်သည် မန်ယူအတွက် ပွဲပေါင်း ၂၅၀ မြောက် ကစားပေးခဲ့ခြင်းဖြစ်ပြီး အဖိုးတန် အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ဝက်စ် ဟမ်းနည်းပြ မိုယက်စ်က အသင်းတွင် ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိသည့် ကစားသမား များနေသည့်ကြားမှ ပွဲကစားနေစဉ် အတွင်း အဓိက ကစားသမားနှစ်ဦး ထပ်မံဒဏ်ရာရသွားသည့် အတွက် ရှုံးခဲ့ရခြင်းဖြစ်ပြီး ယခုပွဲမှ အသင်း အတွက် ပထမဆုံးလူစားဝင်ကစားသည့် ပြင်သစ် ခံစစ်မှူးဒီအော့နှင့် အော့ဘွန်နာတို့ပါ ဒဏ်ရာ အခြေ အနေများ ကောင်းမွန်ရန် မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သည်။
Ref:Dailymail