နေပြည်တော် ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့၏ ဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သော ဒေါ်နီလာကျော်အပေါ် လုပ်ထုံးလုပ်နည်းနှင့် မညီသော လုပ်ငန်းဆောင်ရွက်မှုများကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့၏ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်သည် ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်သည့် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က Quality Controller Company ရွေးချယ်ရေးအဖွဲ့၌ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ၎င်း၏လုပ်ပိုင်ခွင့်ကို အသုံးချ၍ ၎င်းနှင့် ခင်မင်ရင်းနှီးသည့် ကုမ္ပဏီကို Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ အရည်အသွေး စစ်ဆေးရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် လုပ်ငန်းချထားပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ် မတ်လမှ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်း လုပ်ငန်းစုစုပေါင်း ၁၅၇၇ ခုမှ အရည်အသွေး စစ်ဆေးခအဖြစ် ဝင်ငွေ ငွေကျပ် သိန်း ၁၆၆ဝဝ ကျော်ကို ရရှိစေခဲ့ပြီး ၎င်းကုမ္ပဏီထံမှ ငွေကျပ် ၉၁၈ ဒသမ ၂၄ သိန်းကို ၎င်းကိုယ်တိုင် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် ၅၉၅ ဒသမ ၃၆ သိန်းကို ၎င်း၏အိမ်အကူမှတစ်ဆင့် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် သိန်း ၂၁၃ဝ ကို ၎င်းကိုယ်စား ပုဂ္ဂိုလ်တစ်ဦးထံသို့ သွားရောက်အကြွေးဆပ်စေခြင်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၃၆၄၃ ဒသမ ၆ဝ ကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်အရ ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်နီလာကျော်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်း ရရှိသည်။