ဝိသမလောဘစီးပွားရေးသမားများ ပပျောက်ရေး

နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမှာ နိုင်ငံအတွင်း မှီတင်းနေထိုင်သူများ၏ အခန်းကဏ္ဍသည်လည်း အဓိကကျလှပေသည်။ လူသားတိုင်းသည် အသက်ရှင်သန်ရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်နေကြရသည်။ ကျန်းမာမှသန်စွမ်းမည်၊ သန်စွမ်းမှ အလုပ်လုပ်နိုင်မည်။ ကျန်းမာရေးမကောင်းလျှင် မည်သည့်အလုပ်မှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ကျန်းမာရေးသည် လူတိုင်း အတွက် အရေးကြီးပေရာ နိုင်ငံသားတိုင်းကျန်းမာကြံ့ခိုင်မှုရှိမှ နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားမြင့်မားပေလိမ့်မည်။ ကျန်းမာခြင်း၏ တန်ဖိုးကို ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ရင်ဆိုင်နေရမှ သိသာထင်ရှားစွာသိမြင်လာသည်။

လူတိုင်းကျန်းမာနေဖို့ အထောက်အကူပြုနေသည်မှာ အိမ်သုံးဆေးဝါးများဖြစ်သည်။ အိမ်တိုင်းအိမ်တိုင်းတွင် အိမ်သုံးဆေးဝါးများကို အရန်ဆောင်ထားတတ်ကြသည်။ ထိုသို့ဆောင်ထားမှလည်း အရေးပေါ်မကျန်းမမာဖြစ်သည့်အခါ ကြိုတင်ကာကွယ် နိုင်မည်ဖြစ် သည်။ အိမ်တိုင်းတွင် သာမန်အားဖြင့် အိမ်သုံးဆေးဝါးဆောင်ထားသည်မှာ ပြဿနာတစ်ရပ်မဟုတ်သော်လည်း ဝိသမလောဘ စိတ်ဖြင့် အိမ်သုံးဆေးဝါးများ အဆမတန်သိုလှောင်ထားခြင်းမျိုးမှာ မလုပ်သင့်သောလုပ်ရပ်ဖြစ်သည်။ ဈေးကွက်ကို လိုအပ်သလို ခြယ်လှယ်ကာ မိမိအမြတ်အစွန်းရရှိရေးအတွက် ဆေးဝါးများသိုလှောင်ထားသူများကို သက်ဆိုင်ရာနယ်မြေများ အလိုက် တာဝန်ရှိ သူများက စစ်ဆေးဖော်ထုတ်နေသော သတင်းများကြားသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း အများပြည်သူအတွက် ဆေးဝါးဈေးနှုန်းမြင့်မားခြင်းမရှိစေရန်ရည်ရွယ်၍ ဆေးဂိုဒေါင်များကို မြို့နယ်အလိုက်အဖွဲ့ များခွဲ၍ စစ်ဆေးဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်ရာတွင် နေ့စဉ်ရောင်းဝယ်နေမှုများကိုမထိခိုက်စေရန် ဆေးဝါးဖြန့်ချိရောင်း ချနေသော မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊ သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေးမှ လက်လီ၊ လက်ကားဆိုင်ကြီးများကို ဝင်ရောက် စစ်ဆေးခြင်း မပြုဘဲ သီးသန့်ဂိုဒေါင်များဖြင့် သိုလှောင်ထားသော ဆေးဂိုဒေါင် ၂၄ ခုကို စစ်ဆေးခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်ထုတ် သတင်းများတွင် ဖော်ပြထားသည်။

ပထမအသုတ်စစ်ဆေးနေသော ဆေးဂိုဒေါင် ၂၄ ခုအနက် ကိုးခုမှာ ဈေးနှုန်းမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်ရောင်းချခြင်း၊ ပြည်တွင်းပြည်ပမှ ဝယ်ယူတင်သွင်းသည့် အထောက်အထားများတင်ပြနိုင်မှုမရှိခြင်း၊ သိုလှောင်ထားသည့်ပမာဏများပြားသဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွား မည်ဖြစ်ကြောင်း၊ ပုံမှန်ရောင်းချလျက်ရှိသည့် ဂိုဒေါင်များကို ဆေးဝါးများဈေးနှုန်းမမြင့်မားစေရန်၊ ဈေးကွက်အတွင်း ဆေးဝါးဖြန့်ဖြူးမှု ထိန်းချုပ်ခြင်းမပြုရန်၊ အမြတ်ကြီးစားရောင်းချခြင်းမပြုရန် သတိပေးပြီး ခံဝန်ကတိလက်မှတ် ရေးထိုးစေမည်ဖြစ် ကြောင်း သိရှိရသည်။

ယခုဆောင်ရွက်ချက်သည် လုပ်ထုံးလုပ်နည်းနှင့်အညီ ပုံမှန်တင်သွင်းဖြန့်ဖြူးရောင်းချသော ကုမ္ပဏီများကို တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း ပြုမည်မဟုတ်ကြောင်း အဖွဲ့မှစိစစ်နေစဉ်ကာလအတွင်း ဆေးဝါးများ ပုံမှန်ရောင်းဝယ်ခြင်း လုပ်ငန်းထိခိုက်မှု မရှိစေရန် ဈေးကွက်အတွင်းသို့ပို့ဆောင်လိုပါကလည်း ပို့ဆောင်မည့်ပစ္စည်းစာရင်းနှင့်ပို့ဆောင်မည့်ဒေသကိုမှတ်သား၍ လွတ်လပ်စွာ ပို့ဆောင်ခွင့်ပြုလျက်ရှိကြောင်း၊ သြဂုတ်၁၁ ရက်တွင် ဂိုဒေါင် ၂၄ လုံးကို ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးလိုက်သဖြင့် ဆေးဝါးဈေးကွက် အတွင်း လက်လီလက်ကားရောင်းချသော ဈေးများတွင် အများပြည်သူအသုံးများသော ဆေးများ၏ဈေးနှုန်းမှာ သိသိသာသာ ကျဆင်းသွားကြောင်း သိရှိရသည်။ ဤသည်မှာ သတင်းကောင်းပင်ဖြစ်သည်။

အတ္တကြီးမားသောလူသားတို့သည် လူသားချင်းစာနာထောက်ထားမှုမရှိဘဲ မိမိစီးပွားတိုးတက်ရေးကိုသာရှေးရှုနေသည်။ မျက်ဖြူဆို က်လေ ဆရာကြိုက်လေဆိုစကားကဲ့သို့ လူအများဆေးဝါးလိုအပ်မှုရှိနေချိန်တွင်ဈေးနှုန်းကို အဆမတန်ဈေးတင်ရောင်းသည်။ ကုန်ပစ္စည်းများ ရှိနေပါလျက် ထုတ်မရောင်းဘဲ သိုလှောင်ထားကာ ပစ္စည်းများပြတ်နေသယောင်ဖြင့် ဈေးတင်တော့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကုန်သွယ်မှုကဏ္ဍတွင် အစွမ်းကုန်လိုက်လျောကာ အခွန်အကောက်ကအစ လျှော့ပေးလျက်ရှိသည်။ ထို့ပြင် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များတွင်လည်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို အဆက် မပြတ်တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကြုံတွေ့နေရစဉ် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လူသားတို့ကျန်းမာရေးကိုရှေးရှုကာ သမ္မာအာဇီဝမျှတစွာရောင်းဝယ်သင့်ကြပါသည်။ ကိုယ်ကျိုးအတ္တများကာဈေးတင်ရောင်းခြင်း၊ ဈေးကစားခြင်းမျိုးကို ရှောင်ကြဉ် သင့်ပေသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် “အများပြည်သူအခက်အခဲဖြစ်ပေါ်စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသဆေးနှင့် ဆက်စပ်ဆေးဝါးပစ္စည်းများကို လက်ဝယ်ထားရှိပြီး ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူရန်” ညွှန်ကြားခြင်းဖြစ်သည်။ ဤလုပ်ဆောင်ချက်မှာ ဝိသမလောဘစီးပွားရေးသမားများ ပပျောက်ရန် ဆောင်ရွက်ခြင်းဖြစ်၍ ပြည်သူလူထုအတွက် သတင်းကောင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။