ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့အတွင်း KIA အဖွဲ့က အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်

ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့အတွင်း KIA အဖွဲ့က အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်

 နေပြည်တော်၊ မေ - ၆

ကချင်ပြည်နယ်၊ ပန်ဝါမှ စက်သုံးဆီပို့ဆောင်ပြီး ဝိုင်းမော်မြို့သို့ ပြန်လည်ထွက်ခွာ လာသည့် ဟိန်းအောင်စက်သုံးဆီ ကုမ္ပဏီမှ ၁၂ ဘီးယာဉ် ဆီဘောက်ဆာ ၃ စီးအား မေ ၅ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဝိုင်းမော်မြို့နယ်၊ ဝါးရှောင် ကျေးရွာ၏ အနောက်ဘက် မီတာ ၇၀၀ ခန့်အကွာသို့ အရောက်၌ KIA အဖွဲ့က လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း စိုင်းထက်အောင်တွင် လက်နက်ငယ် ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ဆီဘောက်ဆာ ၃ စီး၏ ရှေ့လေကာမှန်များ၊ ယာဉ် ကိုယ်ထည်များနှင့် ဘီးများတွင် လက်နက်ငယ်ကျည်များ ထိမှန်ပျက်စီးခဲ့ပြီး မော်တော် ယာဉ်တစ်စီးအား KIA အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ကျည်ထိမှန် ဒဏ်ရာရရှိသူအား ဝိုင်းမော်မြို့နယ်၊ မွန်မြတ်စေတနာ နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းမှတစ်ဆင့် တပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်စဉ် စိုင်းထက်အောင်မှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဗန်းမော်မြို့ရှိ နယ်မြေခံတပ်သို့ မေ ၅ ရက်နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်တွင် KIA အဖွဲ့က ရွှေကျီးနားရပ်ကွက်၏ အနောက်တောင်ဘက် ၃ မိုင် ခန့်အကွာရှိ တောင်ကုန်းပေါ်မှ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ ရှော့တိုက်ဒုံးမှာ ရွှေကျီးနားရပ်ကွက် အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ သွပ်အမိုးနှင့်ထရံများ ပျက်စီးခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေများအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။