သခင်လိုဖြစ်အောင် လမ်းညွှန်ပေးတာတို့အသံ

 

သခင်လိုဖြစ်အောင် လမ်းညွှန်ပေးတာတို့အသံ

အနုပညာသည် လူတို့အတွက် အရေးပါသော    အသိဉာဏ်ပစ္စည်းဖြစ်သည်။ ခေတ်အဆက်ဆက် အနုပညာ လက်ရာများကို ထောက်ဆ၍ လူမျိုးတစ်မျိုး၏ အသိပညာ၊ တီထွင်ဉာဏ်၊ အတွေးအခေါ်၊ ဓလေ့စရိုက် စသည်တို့၏ တိုးတက်မှုအဆင့်အတန်းကို ပိုင်းခြားဆုံးဖြတ်လေ့ရှိကြသည်။ အနုပညာဟူသည့် စကားရပ်တွင် သီဆိုတီးမှုတ်ခြင်း ဂီတပညာသည် အရေးပါသည့်  အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ရိုးရာယဉ်ကျေးမှု ဂီတထိန်းသိမ်းရေးကိုလည်း    အထူးအလေးထား ထည့်သွင်းရန် လိုအပ်သည်။

ဗုဒ္ဓအလောင်းအလျာသည်  သစ္စာလေးပါးကိုသိမြင်နိုင်ရန် ဒုက္ကရစရိယာအကျင့်ကိုကျင့်နေစဉ်  အစွန်းတစ်ဖက်  ရောက်ကာ တင်းလွန်း၍ပြတ်ရမည့် အခြေအနေသို့  ရောက်ခဲ့သည်။ ထိုအခါပဉ္စသီခနတ်သားက ဗေလုဝနတ်စောင်းဖြင့် ကန်တော့ပန်းဆင်တီးခတ်ခဲ့သည့်အတွက် အလောင်းတော်သည် မဇ္ဈိမပဋိပဒါ အကျင့်မြတ်ကို ရှေးရှုနိုင်ခဲ့ကြောင်း   မှတ်သားခဲ့ဖူးသည်။

ခမည်းတော် သုဒ္ဓောဒနမင်းကြီးသည် သားတော်ဘုရားကိုဖူးမြင်လို၍  ကိုးကြိမ်တိုင်ပင့်လျှောက်သော်လည်း ကြွလာခြင်း မပြုခဲ့ဘဲ ကာဠုဒါယီအမတ်ကြီးက ဂါထာခြောက်ဆယ်အလင်္ကာဂီတတို့ဖြင့် ဖွဲ့ဆိုလျှောက် ထားမှသာ ဗုဒ္ဓရှင်တော်သည်  ရာဇဂြိုဟ်မှကပ္ပိလဝတ်သို့ လိုက်ပါကြွမြန်းခဲ့ကြောင်း သိရှိရသည်။ ဂီတသည်လောကကောင်းကျိုးဆောင်ရန် အထောက်အပံ့ကောင်းတစ်ရပ်ပင်ဖြစ်သည်။

ဂီတသည် စိတ်နှလုံးကို  သိမ်းပိုက်လွှမ်းမိုးနိုင်စွမ်းရှိ၍ လူတို့က မြတ်နိုးကြသည်။ ဂီတကြောင့် ရဲစိတ်ရဲမာန်တက်ကြွစေသည်။ ရွှင်မြူးစေသည်။ လွမ်းဆွေးစေသည်။ ငြိမ်းချမ်းစေသည်။ ဂီတဖြင့် လူတို့၏စိတ်ကို လိုရာသို့  ပုံဖော်နိုင်၏။ ဂီတသည် တန်ခိုးရှင်တစ်ပါး ဖြစ်သည်။      

လူတစ်ဦး၏စိတ်နှလုံးကို    နူးညံ့ပျော့ပြောင်းစေရန်၊ အပန်းပြေစေရန်၊ အားမာန်ပြည့်ဝတက်ကြွစေရန်၊ ဝမ်းနည်းစေရန် သို့မဟုတ် ဝမ်းသာပျော်ရွှင်စေရန်အတွက် တူရိယာတစ်ခုခုအား တီးခတ်ခြင်း သို့မဟုတ်  ပါးစပ်ဖြင့်  သီချင်းဆိုခြင်း၊ လက်ဖြင့် စည်းချက်တီးခတ်ခြင်းတို့ဖြင့် ပြုလုပ်ရာမှထွက်ပေါ်လာသော အသံသည် ဂီတဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှုသမိုင်းကို လေ့လာကြည့်လျှင် မြန်မာ့ဂီတသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်မှစ၍ ပေါ်ထွန်းခဲ့သည်ဟု ယူဆနိုင်သည်။ ခရစ်နှစ် ၈၀၂ ခုခန့်က ရေးသားခဲ့သော တရုတ်လူမျိုးတို့၏ မှတ်တမ်းများအရ မြန်မာတူရိယာနှင့် သီချင်းတို့သည် ထိုခေတ်တွင် ပြေပြစ်ကောင်းမွန်နေကြပြီဟု သိရသည်။

သက္ကရာဇ် ၅၅၂ ခုနှစ်တွင် ရေးထိုးခဲ့သည့် ပုဂံမြို့ တောင်ဂူနီဘုရားကျောက်စာတွင် ပဉ္စင်္ဂတူရ်မည်သော စည်ညှင်းဖြင့်နိုးထသော စည်းစိမ်လိုရကား စည်ကြီးပန်တျာပြုသော စည်သည်ကားစသည်ဖြင့် ရေးထိုးထားကြောင်း   သိရသည်။

ထိုခေတ်က ပန်တျာဆိုသည်မှာ တီးမှုတ်သူ တီးမှုတ်ခြင်းဟု အနက်ရသည်။ အိပ်ရာမှနိုးထလျှင်   သာယာငြိမ့်ညောင်းသော စည်ပန်တျာသံကိုကြားရသည်မှာ သာယာချမ်းမြေ့ဖွယ်ဖြစ်သည်။ ဂီတသည် မင်္ဂလာရှိသည်ဟု ယူဆလျက် အိပ်ရာမှ  စည်ပန်တျာသံဖြင့် နှိုးခြင်းခံရပါလိုကြောင်း ဆုတောင်းခဲ့သည့်   အထောက်အထား ဖြစ်သည်။

  သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္ဇင်းတော်ခံ၊ စာရေးတံနှင့်၊ မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊ မြင်းခင်းထွက်ဝင်၊ သဘင်မီးပုံး ၊ ဂူလုံးသဲပုံစသည့် ဆယ့်နှစ်လရာသီပွဲတော်တို့ကို ရှေးယခင်ကပင် မြန်မာမင်းများက ကျင်းပခဲ့ကြသည်။ အပျော်အပါး သက်သက်မဟုတ်ဘဲ တိုင်းပြည်စည်ပင်သာယာစေလို၍လည်းကောင်း၊ တိုင်းသူပြည်သားတို့၏ စဉ်ဆက်မပြတ်တိုးတက်နေသော လက်ရုံးရည်နှလုံးရည်များကို စစ်ဆေးလို၍လည်းကောင်း  ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

စာတော်ပြန်ပွဲများ၊ ပဉ္ဇင်းတက်ပွဲများက လူပညာရှိ၊ ရဟန်းပညာရှိများကို မွေးထုတ်ပေးပါသည်။ လှေပြိုင်ပွဲ၊ မြင်းခင်းပွဲများကလည်း ဘုရင့်ရေတပ်မတော်၊ ကြည်းတပ်မတော်သားတို့၏ အရည်အချင်းများကို    စစ်ဆေးမြှင့်တင်ပေးသည့် ပွဲများဖြစ်ပြီး လူစွမ်းကောင်းများ အရည်အချင်းပြသနိုင်သည့်ပွဲ၊ ချီးမြှင့်မြှောက်စားခံရသည့်ပွဲများဖြစ်သည်။   မြန်မာ့ထုံးတမ်းအစဉ်အလာအရ  ကျင်းပသည့်ပွဲသဘင်နှင့် လိုက်ဖက်သည့် အတီးအမှုတ် အဖျော်အဖြေတို့ ထည့်သွင်းကြရာမှ လှေတော်သံ၊ မြင်းခင်းသံ စသည့်ဂီတသံစဉ်များလည်း ပေါ်ပေါက်လာခဲ့ကြကြောင်း သိရှိရသည်။

မြန်မာစာပေတွင် စကားပြေသာမက ကဗျာလင်္ကာများလည်းထွန်းကားခဲ့သည်။

ကဗျာလင်္ကာများတွင် ဖတ်ရှု၍ပြေပြစ်ရုံ ဝစနာလင်္ကာရ သဘောဖွဲ့ဆိုမှုများရှိပြီး ဂီတသံထည့်သွင်းသီဆိုနိုင်သော သောတာလင်္ကာရ အဖွဲ့အနွဲ့များလည်းရှိသည်။

ယနေ့တွင် နိုင်ငံခြားသံစဉ်များ ခေတ်စားလာသည်နှင့်အမျှ မြန်မာ့မူဟန်မဟာဂီတသီချင်းများ မှေးမှိန်သွားသည်ဟု ခံစားနေရပြီး သည်အတွက် နှမြောတသ ဝမ်းနည်းရသည်။ မည်သည့် နိုင်ငံမှလာသည့် ဂီတဖြစ်စေ လူတိုင်းနှစ်သက်ခွင့်ရှိသည်။

နှစ်သက်နိုင်သည်။ အနုပညာပစ္စည်းများဖြစ်သော ပန်းချီ၊ စာပေ၊ ဂီတဖန်တီးသူများ အနေနှင့် လူအများ လက်ခံနှစ်သက်မှုရှိစေရန် ဖန်တီးရသည်မှာ လွယ်ကူလှသည်မဟုတ်ပါ။

အောင်မြင်မှုဆိုသည်မှာ အနုပညာရှင်၏ ကြိုးစားမှုနှင့် ကံတရားအပေါ် များစွာမူတည်ပါသည်။ အနုပညာရှင် မှန်သမျှ ပြည်တွင်းသာမက နိုင်ငံတကာပရိသတ်၏ အားပေးလက်ခံမှုရရှိရန်လည်း မျှော်လင့်လေ့ရှိကြသည်။ အားပေးမှုရလျှင် ဝမ်းသာဂုဏ်ယူကြသည်။  ဂီတချစ်သူများအနေနှင့်   မိမိနှစ်သက်ရာဂီတကို မိမိနှစ်သက်သလို အားပေးနိုင်သည်။ သို့သော်လည်း အရိုးပေါ်အရွက်မဖုံးစေနှင့် ဆိုသောစကားအတိုင်း မြန်မာနိုင်ငံတွင် နေထိုင်သည့် မြန်မာလူမျိုးများဖြစ်ပါ၍ မြန်မာ့ဂီတစစ်စစ်ကိုလည်း သိရှိမြတ်နိုးတတ်ရန် လိုအပ်သည်။ တစ်နည်း ယဉ်ကျေးမှုကိုယ်ခံအား ကောင်းမွန်နေရန်လိုအပ်သည်။ မြန်မာမှုဂီတကို မသိဘဲ မြန်မာမှု ဂီတမရှိ၊ ရှိပါကညံ့သည်ဟု ထင်မှတ်ကြသူများကို မြန်မာ့ဂီတပညာအကြောင်း မြန်မာ့ဂီတ၏စည်းကမ်း ကြီးပုံများကိုလည်း ပြသလိုလှသည်။ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင် ပွဲများသည် မြန်မာ့ဂီတကို အများသိအောင်ပြသသည့်ပွဲများဖြစ်သည်။

 မြန်မာတို့၏ ငြိမ်းချမ်းသိမ်မွေ့သော စိတ်ထားများထင်ဟပ်နေသည့် မြန်မာ့မဟာဂီတ သီချင်းသံစဉ်များသည် သိမ်မွေ့သည်။ ငြိမ့်ညောင်းသည်။ အပေါ်ယံသဘော နားထောင်သူများက အိပ်ချင်သည်။ ပျင်းစရာကောင်းသည်ဟု   မှတ်ချက်ပြုခြင်းခံရကြသည်။ မသိနားမလည်သူ လူကြီးတို့၏ ထိုသို့သော  မှတ်ချက်စကားများကြောင့် နှောင်းလူတို့မှာ မဟာဂီတနှင့် ပို၍ကင်းကွာခဲ့ကြသည်။ ကင်းကွာမှုများလွန်းပါက    မဟာဂီတသီချင်း များ၏ဂုဏ်ရှိန်  ကျဆင်းမှေးမှိန်ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိသည်။    မြန်မာတို့၏ အသက်ဝိညာဉ်၊ ယဉ်ကျေးမှု၏ အနှစ်သာရဖြစ်သည့် စာပေဂီတအမွေအနှစ်ကောင်းများကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းကြစေချင်သည်။

မြန်မာ့ယဉ်ကျေးမှု ဂီတပညာများ ရေရှည်တည်တံ့ခိုင်မာစေရန်ရည်သန်၍ နိုင်ငံတော်အစိုးရမှ ကြီးမှူးပြီး မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပလာခဲ့သည်မှာ (၂၄)ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊   အတီးပြိုင်ပွဲ၏ ဦးတည်ချက်များအဖြစ် (၁)အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့်ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊   (၂)တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများမပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊ (၃)မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု  အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်  ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားနေစေရေး၊   (၄)နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက်   အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ     တစ်တပ်တစ်အားပူးပေါင်းပါဝင်ဆောင်ရွက်ရေးဟူ၍ ဦးတည်ချက် (၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပခြင်း၏ အကျိုးရလဒ်ကြောင့် မြန်မာနိုင်ငံသား သားငယ်သမီးငယ်များ မြန်မာ့ရိုးရာဂီတနှင့်  ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး မြန်မာသံအဆိုတော်ငယ်များ    ပေါ်ထွန်းလာခဲ့ကြသည်မှာ ဝမ်းမြောက်အားတက်ဖွယ်ရာဖြစ်သည်။

ပြိုင်ပွဲယှဉ်ပြိုင်မှုများကို  ရုပ်သံအစီအစဉ်မှ စောင့်ကြည့်ခဲ့ရာ   ပြိုင်ပွဲဝင်များတွင် ငယ်ရွယ်နုနယ်သော ကလေးများပါဝင်ပြီး မြန်မာ့မူဟန် မြန်မာသံများကို ကျွမ်းကျင် ပိုင်နိုင်စွာ သီဆို တီးခတ်ယှဉ်ပြိုင်နေသည်ကို တွေ့မြင်ရသောကြောင့် မြန်မာ့ဂီတအတွက် စိတ်အေးခဲ့ရသည်။ ပြိုင်ပွဲဝင်များထဲမှ မြန်မာသံအဆိုတော်များ ပေါ်ထွန်းလာခြင်းကိုတွေ့ရှိရ၍လည်း နှစ်ထောင်းအားရဖြစ်မိပါသည်။

သားသမီးငယ်များကို ပါဝင်ယှဉ်ပြိုင်ရန် အားပေးကြရသောကြောင့် မိသားစုဝင်အားလုံးသည်လည်း မြန်မာဂီတနှင့် မစိမ်းသူများဖြစ်လာကြသည်။ ယှဉ်ပြိုင်လေ့ကျင့်မှုများကို နားဆင်ကြရင်း မြန်မာ့ဂီတကို နှစ်သက်မြတ်နိုးသူများ  တိုးတက်များပြားလာခြင်းသည်လည်း အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ အလွန်ကောင်းမွန်သောအကျိုးရလဒ်များပင်ဖြစ်သည်။ မြန်မာ့ဂီတပြိုင်ပွဲများနှင့် လိုက်ဖက်တင့်တယ်စေရန် မြန်မာဆန်ဆန်ဝတ်စားဆင်ယင်ကြခြင်းကြောင့်   ဂီတနှင့်အတူရိုးရာဝတ်စားဆင်ယင်မှုကိုလည်း မြှင့်တင်ပြီးဖြစ်လာသည်။

ကိုလိုနီခေတ်တွင် မြန်မာ့ယဉ်ကျေးမှုများ မှေးမှိန်ခဲ့ရပြီး ဆိုးမွေအဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို နောင်လာနောက်သားများ အထင်သေးစိတ်ဝင်အောင် ပြောဆိုမှိုင်းတိုက်မှုများလည်း ကြုံတွေ့ခဲ့ကြရသည်။

မြန်မာမဆန်သော  အပြုအမူအပြောအဆိုများသည်လည်း နိုင်ငံခြားရုပ်ရှင် ဂီတများမှတစ်ဆင့် ကူးစက်ဝင်ရောက်နေပြီး အမျိုးသားရေးကိုယ်ခံအား မြှင့်တင်ဖော်ထုတ်ရန်  အရေးကြီးလိုအပ်နေချိန်တွင် ဤပြိုင်ပွဲများကျင်းပခြင်းသည် တိုင်းရက်တဲ့ ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်}}ဆိုသကဲ့သို့ပင် အံဝင်ခွင်ကျဖြစ်လှသည်။

မြန်မာလူငယ်လူရွယ်များ ဂီတပညာ သင်ကြားလေ့ကျင့်ခြင်းဖြင့် စိတ်ထားနူးညံ့သိမ်မွေ့မှုကိုလည်း ရရှိနိုင်သည်။ မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ် နိုးကြားရေးအတွက် ဂီတဗိမာန်သီချင်းကို ရေးသားစပ်ဆိုခဲ့သည်ဟု မှတ်သားခဲ့ရသည်။ သီချင်းစာသားများတွင် သခင်လို ခေတ်မှာ အလင်းရောင်ပေးတာ တို့အသံ၊ ကျွန်လိုခေတ်မှာ လမ်းညွှန်ခဲ့တာ တို့အသံဟု ဂီတ၏ဂုဏ်ရည်ကို ဖော်ညွှန်းရေးသားထားကြောင်း တွေ့ရှိရသည်။

မြန်မာများသည် ကိုယ်ပိုင်ဂီတပိုင်ရှင်များဖြစ်ကြောင်း၊ အဆင့်အတန်းမြင့်မားသော ဂီတကို   ဖန်တီးနိုင်သူများဖြစ်ကြောင်း၊ ကိုယ်ပိုင်ဂီတနှင့် သီချင်းပေါင်းများစွာကို ဘိုးဘွားအမွေအဖြစ်   လက်ခံပိုင်ဆိုင်ရရှိထားကြသူများဖြစ်ကြောင်း၊  နှစ်ပေါင်းထောင်ချီသည့်သမိုင်းကောင်းများဖြင့် မိမိနိုင်ငံနှင့် မိမိရေမြေ၏ အရှင်သခင်အဖြစ် သမိုင်းအဆက်ဆက် ရပ်တည်ခဲ့သော လူမျိုးဖြစ်ကြောင်း သက်သေပြနိုင်သည့် အဆို၊ အက အရေး၊ အတီးပြိုင်ပွဲကြီး ကျင်းပလျက်ရှိပါသည်။

ဂီတစွမ်းအားဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး နှလုံးရည်လက်ရုံးရည်ပြည့်ဝသည့်  နိုင်ငံ့ သားကောင်းများ ပေါ်ထွန်းလာစေရန် ဆုတောင်းပါသည်။ နိုင်ငံတည်ဆောက်ရေးအတွက် အားအင်ပြည့်ဝ ပါဝင်လာစေဖို့ကိုလည်း မျှော်မှန်းပါသည်။ ပြိုင်ပွဲဝင်တေးသံများလွှမ်းခြုံ၍ နိုင်ငံတော်အေးချမ်းသာယာ ဖွံ့ဖြိုးလာစေရန်လည်း ဆုတောင်းအပ်ပါသည်။

ဤပြိုင်ပွဲကြီးမှ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများပိုင်ဆိုင်သော သခင်မျိုးဖြစ်ကြောင်း သက်သေပြသည့် တေးသံများကို နားဆင်ခံစားကြည့်ရှုရန် မျှော်လင့်လျက်ရှိပါကြောင်း (၂၄)ကြိမ်မြောက်  အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲကြီးကို ဂုဏ်ပြုတင်ပြလိုက်ရပါသည်။  ။

သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)