သင့်ကျန်းမာရေးအတွက် ကာကွယ်ဆေး
လူတိုင်းသည် ကျန်းမာရေးကောင်းမွန်နေမှသာ မိမိတို့ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်ကိုင် နိုင်ကြမည်ဖြစ်သည်။ လူသားတို့တွင် ကျန်းမာရေးထက် အရေးကြီးတာ မရှိဟူ၍ပင်ပြောဆိုနိုင်သည်။ နိုင်ငံတော်အစိုးရနှင့်တပ်မတော်တို့က ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မခံရစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိ သည်။ ကူးစက်ခံရပြီး ရောဂါဖြစ်လာခဲ့လျှင်လည်း ကုသရေးစင်တာများနှင့်ဆေးရုံများတွင် စနစ်တကျ စောင့်ရှောက်ကုသပေးလျက်ရှိသည်။ အဆိုပါပိုးတွေ့စင်တာ၊ ကုသရေးစင်တာ၊ ဆေးရုံများတွင် လူနာတစ်သိန်းကျော်အထိ လက်ခံကုသပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပြီးဖြစ်သည်။
လက်ရှိတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SINOPHARM ဆေးကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း၌ထားရှိသည်။ အဆိုပါဆေးများကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိသည်။ လေယာဉ် ခရီးဖြင့် အမြန်ဆုံးရောက်ရှိသွားပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများအား အမြန်ဆုံးထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော်(လေ) ရှိ ပို့ဆောင်ရေးလေယာဉ်များနှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးများဖြင့် စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ် အစီအစဉ် အတိုင်း ထိုးနှံပေးလျက်ရှိနေရာ ကာကွယ်ဆေးထိုးနှံပေးမှုကို လေ့လာကြည့်လျှင် ပထမအကြိမ်တွင် အိန္ဒိယမှ ကာကွယ်ဆေးဖြင့်ဆေးထိုးရန် လိုအပ်သည့်လူဦးရေ၏ ခြောက်ရာခိုင်နှုန်းကျော် ထိုးနှံပေးထားပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ကုန်ပိုင်းတွင် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း အနည်းဆုံး ထိုးထားပေးနိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ ရည်မှန်းချက်ပြည့်မီရေးအတွက် လိုအပ်သည့် ကာကွယ်ဆေး ရရှိရေး၊ ရရှိလာသော ကာကွယ်ဆေးများကို အချိန်မီဖြန့်ဖြူးပေးရေးတို့ကို အလေးထား လုပ်ဆောင်လျက်ရှိသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှလည်း ကာကွယ်ဆေး နှစ်သန်း ဝယ်ယူနိုင်ရေး စီစဉ်လျက်ရှိသည့်အပြင် အခြားသောနိုင်ငံများ၊ ကုမ္ပဏီများနှင့် ဆက်သွယ် ဝယ်ယူနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် ပြည်သူတစ်ရပ်လုံး ကာကွယ်ဆေးထိုးနှံနိုင်ရေးကို ဦးတည် ဆောင်ရွက် နေသည့်အပြင် လူတိုင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားရေးအတွက် ကာကွယ်နိုင်ရေးကို နေ့စဉ်အသိပေးနှိုးဆော်လျက်ရှိသည်။ အပြင်ထွက်တိုင်း Mask တပ်ရန်၊ လူစုလူဝေးများ ရှောင်ရှားရန်နှင့်မပြုလုပ်ရန်၊ လက်ကိုဆပ်ပြာနှင့် မကြာခဏ ဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်းမပြုရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးပန်ကြားချက်များကို တိကျစွာလိုက်နာရန် စသည်ဖြင့် အသိပေးနှိုးဆော် လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကျရောက်နေခြင်းသည် မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော လူသားအားလုံးအပေါ် ကျရောက်နေခြင်းဖြစ်သည်။ ထိုလူသားအားလုံးက တစ်စိတ်တည်းထား၍ ကာကွယ်တိုက်ဖျက်မှသာ ဤရောဂါဆိုး သည် မြန်မာနိုင်ငံမှ ကွယ်ပျောက်သွားမည်ဖြစ်သည်။ လုံးဝကွယ်ပျောက်ခြင်းမရှိသော်မှ ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ကိုဗစ်-၁၉ ၏အနှောင့်အယှက်ပေးခြင်းမှ ကင်းဝေး ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ထိုးနှံပေးနေသော ကာကွယ်ဆေးနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြု ကာကွယ်ဆေးဖြစ်သည့်အပြင် ထို ကာကွယ်ဆေးသည် ရောဂါကို ၇၀ ရာခိုင်နှုန်းနှင့်အထက် ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးကြောင်း ဆေးပညာရှင်များက တိတိကျကျ အာမခံထားပြီးဖြစ်သည်။ ကာကွယ်ဆေးထိုးခြင်းကြောင့် ဘေးထွက်ဆိုးကျိုးလည်းမရှိပါ။
ဤမျှအထိအာမခံထားပါလျက် အချို့သောပြည်သူများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ပတ်သက်၍အကြမ်းဖက်အဖျက်သမားတို့၏ သွေးထိုးလှုံ့ဆော် ကောလာဟလ ထုတ်လွှင့်နေခြင်းကို ယုံကြည်သူများရှိနေသည်။ အဖျက်သမားတို့သည် ပြည်သူများ ကာကွယ်ဆေးထိုးခြင်းကို လုံးဝနှစ်သက်သူများမဟုတ်ကြပေ။ သြဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီက စေတနာ့ဝန်ထမ်းအယောင်ဆောင်၍ PPE ဝတ်စုံဝတ်ဆင်ပြီး လုပ်ကြံပစ်ခတ်မှု ကြောင့် လှိုင်မြို့နယ်တွင် အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ သည်။
ဤသည်ကိုကြည့်ခြင်းဖြင့် အကြမ်းဖက်အဖျက်သမားအုပ်စုသည် ပြည်သူတို့အတွက် စိတ်ထားကောင်းမရှိသည်မှာ ထင်ရှားသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အဖျက် သမားတို့ စကားကိုနားယောင်ပြီး ကာကွယ်ဆေးမထိုးဘဲမနေကြပါနှင့်။ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် သင့်ကျန်းမာရေးအတွက်သာ ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။