သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Ms. Michelle Bachelet က မြန်မာ နိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ ၁၁-၆-၂၀၂၁ ရက်တွင် သတင်းတစ်ရပ် ထုတ်ပြန်ခဲ့မှုအပေါ် မြန်မာ နိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချပါသည်။ အဆိုပါသတင်း ထုတ်ပြန်ချက်ပါ ဖော်ပြချက် များမှာ မှန်ကန်ပြည့်စုံမှုမရှိဘဲ ဘက်လိုက်မှုများရှိကြောင်း တွေ့ရှိရပါသည်။

သတင်းဖော်ပြချက်တွင် စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများ တိုက်ခိုက်ခံရမှု နှင့် ဘာသာရေးကျောင်းများ၊ ပြည်သူများ၏အိုးအိမ်များကို တပ်မတော်မှအသုံးပြုသည်ဆိုသည့် ပုံစံမျိုး ဖြင့် ပြည်သူများအထင်အမြင်လွဲမှားစေရန် ဖော်ပြထားပါသည်။ သို့သော် မတရားအသင်းနှင့် အကြမ်း ဖက်အဖွဲ့များ၏ အဖျက်အမှောက်လုပ်ရပ်နှင့် အကြမ်းဖက်မှုများကို ဖော်ပြခြင်းနှင့် ရှုတ်ချခြင်း အလျဉ်း မရှိသလို လုံခြုံရေးတပ်ဖွဲ့များ၏ အသက်ဆုံးရှုံးမှုကိုလည်း ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

ကျောင်းများ တိုက်ခိုက်ခံရမှုနှင့်စပ်လျဉ်းပြီး မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ ထားသော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုသူတို့ကို ထောက်ခံကြသူများ သည် ဆရာ/ဆရာမများနှင့် အခြားသော အစိုးရဝန်ထမ်းများအား နိုင်ငံ့တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိစေရန် ကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းများစသည့် ပြစ်မှုများကို ကျူးလွန်သကဲ့သို့ ပညာရေးဝန်ထမ်းများ အပါအဝင်အုပ်ချုပ်ရေးမှူးများ နှင့်အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

တပ်မတော်အနေဖြင့် ပြည်သူ့လုံခြုံရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အပြစ်မဲ့ ပြည်သူ များ ဘေးကင်းလုံခြုံရေး၊ ဉပဒေအာဏာသက်ဝင်ရေးနှင့် တရားဉပဒေစိုးမိုးရေးတို့အတွက် တည်ဆဲ ဉပဒေဘောင်အတွင်းမှ အထူးဂရုပြုဆောင်ရွက်လျက်ရှိပါသည်။ အင်အားသုံးရန် လိုအပ်ပါကလည်း မိမိကိုယ်မိမိ ခုခံကာကွယ်ရန်နှင့် အနည်းဆုံးအင်အားကို အမြင့်ဆုံးထိန်းချုပ်မှုဖြင့် ကိုင်တွယ် ဆောင်ရွက် လျက်ရှိပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေဖြင့် နိုင်ငံအားလုံး၏ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက်ဆောင်ရွက်ရန် အခွင့်အာဏာပေးအပ်ထားပြီးယင်းသို့ဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိဘဲ မျှတစွာတာဝန်ထမ်းဆောင်ရန် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အမှတ် ၄၈/၁၄၁ တွင် ဖော်ပြထားရာ သူမအနေဖြင့် အဆိုပါလုပ်ပိုင်ခွင့်နှင့်အညီ နိုင်ငံများ၏ အရေးကိစ္စများကို ပြောကြားရာတွင် ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဋ္ဌာန်ကျစွာ ဖော်ပြရန်လိုအပ်ပါသည်။

သူမအနေဖြင့် ပေးအပ်ထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အပြု သဘော၊ ဘက်လိုက်မှု မရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျ ကုလသမဂ္ဂ၏ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားရန် ဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ် ဇွန်လ ၁၃ ရက်