သတင်းထုတ်ပြန်ခြင်း နေပြည်တော်၊ မတ်လ ၂ ရက် 

သတင်းထုတ်ပြန်ခြင်း နေပြည်တော်၊ မတ်လ ၂ ရက် 
    
၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ လူစုလူဝေး အင်အားစု(၁၀၀)ဦးခန့်သည် နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ကလေးမြို့၊ ပိတောက် လမ်းဆုံ၌ စတင်စုဝေးရောက်ရှိနေပြီး အုပ်ချုပ်မှုဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြိမ်ကြိမ်တားမြစ်ကာ လူစုခွဲနိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။     ဆူပူဆန္ဒပြသည့် လူစုလူဝေးများအနေဖြင့် ၎င်းနေရာမှ လမ်းလျောက်ပြီး လူစုလူဝေး တိုးမြှင့်ပါရှိလာကာ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကလေးမြို့၊ ဘုရင့်နောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံမီးပွိုင့်အရောက်တွင် အင်အား(၁၀၀၀)ကျော်ခန့်ဖြစ်ပေါ်လာကာ ကြွေးကြော်သံ အမျိုးမျိုးအော်ဟစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုအော်ဟစ်ကြွေးကြော်ခဲ့ကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တုတ်/ဒိုင်းများအသုံးပြုကာ အသံပေးခြောက်လှန့်နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။ အသံပေးခြောက်လှန့်သည့်လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူဆန္ဒပြသူ လူစုလူဝေးအတွင်းရှိ အကြမ်းဖက်လိုသူများမှ ကိုင်ဆောင်လာသည့် ပလတ်စတစ်ဒိုင်းကာများ၊ ခဲများ၊ လောက်လေးခွများ၊ ပုလင်းများဖြင့် အကြမ်းဖက်ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ နောက်သို့ ပြန်လည်ဆုတ်ခွာခဲ့ရပါသည်။
    
ဆုတ်ခွာခဲ့သည့် တပ်ဖွဲ့ဝင်များနောက်သို့ ဆူပူအကြမ်းဖက်လိုသည့် လူအုပ်စုအနေဖြင့် လူအင်အားဖြင့် ရှေ့နောက်ပိတ်ဆို့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား နည်းမျိုးစုံဖြင့် ရန်ပြု လာသည့်အခြေအနေအရ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မီးခိုးဗုံး၊ အသံမြည်ဗုံး၊ မျက်ရည်ယို ဗုံးများနှင့် ၁၂ ဗို့ပြောင်းချောသေနတ်တို့ဖြင့် ပစ်ခတ်လူစုခွဲခြင်းများအား ဆောင်ရွက်ခဲ့ရပါသည်။
    
လူစုလူဝေးအတွင်း ရောက်ရှိဖြိုခွဲခဲ့ရမှုဖြစ်စဉ်အရ ရဲတပ်ဖွဲ့ဝင်(၄)ဦး ထိခိုက်ဒဏ်ရာရရှိခြင်း၊ အချုပ်ယာဉ်ကားမှန်/ယာဉ်အဖုံးများ ပျက်စီးခဲ့ကာ အကြမ်းဖက်ဆန္ဒပြသူ လူအုပ်စုအတွင်း အကွာအဝေးနီးကပ်စွာတည်ရှိနေမှုအရ ၁၂ ဗို့ကျည်ထိမှန်၍ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။
    
ဖြစ်စဉ်နှင့်ပတ်သက်၍ အေးချမ်းလုံခြုံစွာနေထိုင်လိုသူ ကလေးမြို့ရှိ ပြည်သူလူထု အများစုအနေဖြင့် ထိတ်လန့်တုန်လှုပ်မှုများဖြစ်ပေါ်ကာ ၎င်းဖြစ်စဉ်အတွက် မိဘများမှမိမိတို့၏ သားသမီးများအနာဂတ်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်ပေးစေလိုကြောင်း ပြည်သူလူထု အများစု၏သဘောထားကို သိရှိရပါသည်ဟု သတင်းထုတ်ပြန်အပ်ပါသည်။