သတိထားသင့်သော လေဖြတ်ရောဂါ

သတိထားသင့်သော လေဖြတ်ရောဂါ

နံနက်အိပ်ရာထချိန်တွင်   အိပ်ရာနံဘေးမှ   ရုတ်တရက်ဖုန်းမြည်လာသဖြင့်   ဖုန်းကိုင်ရန်  ထလိုက်ချိန်တွင်  နောက်စေ့ထဲမှ  စူးခနဲထိုးသွားပြီး  မူးမိုက်သကဲ့သို့ ဖြစ်သွားသည်။ ဖုန်းကို ကိုင်လိုက်သော်လည်း ရုတ်တရက် ပြန်မဖြေနိုင်ပေ။ တစ်ဖက်မှ ဖုန်းခေါ်သူ၏ အသံကိုသာ ထပ်တလဲလဲကြားနေရသည်။

တစ်ဖက်မှ ဖုန်းချသွားသည့်တိုင် ကျွန်တော် ဖုန်းမချနိုင်သေးဘဲ  ခုတင်တိုင်ကို ကိုင်ထားပြီးမှ  ထိန်း၍ခုတင်ပေါ်ပြန်ထိုင်ကာ  ဖုန်းကို  ဖြည်းဖြည်း ချလိုက်ရသည်။

အထက်ဖော်ပြပါ  အဖြစ်အပျက်မျိုး   ကြုံဖူးသူများစွာရှိကြပါလိမ့်မည်။     တိတ်ဆိတ်နေချိန်တွင်  ရုတ်တရက် ထမြည်သောဖုန်းသံသည်     ဦးနှောက်ကို     တိုက်ရိုက်တိုက်ခိုက်သလို ဖြစ်တတ်ကြောင်း အနောက်တိုင်း ဆေးပညာဂျာနယ်တစ်ခုတွင်  ဖတ်ဖူးသည်။ အထူးသဖြင့် အသက် ၅၀ ကျော်သူများတွင် ရုတ်တရက်သွေးတိုးပြီး   ဦးနှောက်သွေးကြောပြတ်၊ လေဖြတ်သွားနိုင်သည်ဟု  ရေးထားသည်။  အခန့်မသင့်လျှင် ဖုန်းကိုင်ရင်း ရုတ်တရက်လဲကျပြီး အသက်သေဆုံးခဲ့သည့်သာဓက ရှိဖူးကြောင်းလည်း ရေးသားထားသည်။

လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်အတွင်းရှိ သွေးကြောများတွင် ရုတ်တရက်သွေးတိုးပြီး သွေးကြောပြတ်ကာ သွေးကြောအတွင်း သွေးခဲလေးများပိတ်ဆို့သဖြင့်  ဦးနှောက်တွင် သွေးထောက်ပံ့မှုမရသောအစိတ်အပိုင်း၌   အလုပ်တာဝန် ရပ်ဆိုင်းသွားခြင်းကြောင့် ယင်းနှင့်ဆက်နွှယ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများလည်း ရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ   ဖြစ်သွားတော့၏။  ဥပမာ-ရုတ်တရက်လဲကျခြင်း၊ လျှာလေးသွားခြင်း၊ စကားမပြောနိုင်တော့ခြင်း၊ မျက်စိအမြင်ေ၀ဝါးသွားခြင်း၊   ခြေမလှမ်းနိုင်တော့ခြင်းနှင့်  လက်မမြှောက် နိုင်တော့ခြင်း စသည်တို့ဖြစ်လေ့ရှိသည်။

အစားမှားခြင်းကြောင့် သွေးတိုးခြင်း၊ အငန်အစား များ၍ သွေးတိုးခြင်းကိုသာ လူတော်တော်များများ သိထားကြသည်။ ရုတ်တရက် အထိတ်တလန့်ဖြစ်ခြင်း ကြောင့် သွေးတိုးပြီး ဦးနှောက်အတွင်းရှိ သွေးကြော များတွင်   သွေးခဲပိတ်ခြင်းမဟုတ်ဘဲ   ရေပိုက်တွင် ဖိအားပြင်းပြင်းဖြင့် ရေလွှတ်လိုက်သောအခါ ပိုက် လုံးကွဲသွားပြီး ပိုက်ပြတ်ထွက်သွားခြင်းကဲ့သို့ဖြစ်ရပ်မျိုး ဖြစ်လာသောအခါ ပေါက်ထွက်သွားသောသွေး ကြောမှ သွေးများမှာ ဦးခေါင်းခွံအတွင်း ပျံ့နှံ့ပြီးနောက်ပိုင်း ခဲသွားသောသွေးများ ဦးနှောက်ကိုပြန်ဖိသဖြင့် ဦးနှောက်ပျက်စီးပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်သည်။

လေဖြတ်ခြင်းတော်တော်များများမှာ နံနက်စောစောတွင်ဖြစ်လေ့ရှိသည်။ တချို့မှာ နံနက်အိပ်ရာထ လမ်းလျှောက်ပြီးအပြန်တွင်  လေဖြတ်သူများလည်း ရှိသည်။ အပြင်တွင်  အအေးလွန်ကဲချိန်  လမ်းလျှောက်လျှင်  အကျိုးမရှိဘဲ အအေးပတ်ကာ လေဖြတ်နိုင်သည်။

တချို့မှာ နံနက်စာစားပြီး လေဖြတ်သူများလည်းရှိသည်။ နှစ်ကာလရှည်ကြာစွာ သွေးတိုးရောဂါရှိသူနှင့် အသက်ကြီးသူများတွင် ဖြစ်လေ့ရှိသည်။ နံနက်စာတွင် လေပွပြီး သွေးတိုးစေသော အစာများပါသောကြောင့်  အဖြစ်များသည်။ ဥပမာ-ပဲပြုတ်၊ နံပြား အစရှိသော အစာများမှာ ဆော်ဒါနှင့် ဖွထားသောအစာများဖြစ်သဖြင့် လူကြီးများတွင်   သွေးပေါင်မြန်မြန် တက်လာစေနိုင်သည်။  ထို့အတူ  အစာကြေရန်မလွယ်သည့်   ရှမ်းခေါက်ဆွဲဆန်စေး၊  အေးစက်နေသော ကောက်ညှင်းပေါင်း၊ စားအုန်းဆီနှင့်ကြော်ထားသောအကြော်များကို   နံနက်စာအဖြစ် စားသုံးသည့်အခါ  သတိထားသင့်သည်။

ပုံမှန်သွေးတိုးရောဂါရှိသူများအနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားသော သွေးတိုးကျဆေး ကို နေ့စဉ်ပုံမှန်သောက်ရန် လိုအပ်သည်။ နံနက်စာစား ပြီးချိန်   တစ်ကြိမ်၊   ညနေစာစားပြီးချိန်    တစ်ကြိမ် သွေးပေါင်ချိန်ကြည့်ရန်လိုသည်။ တစ်ကြိမ်သာချိန်နိုင်လျှင်   နံနက်စာစားပြီးချိန်တွင်  သွေးပေါင်ချိန်ပါက အသင့်လျော်ဆုံးဖြစ်သည်။ သွေးတိုးရောဂါရှိသူတော် တော်များများမှာ အငန်နှင့်သွေးကြောကျဉ်းစေသော အဆီကိုသာ ရှောင်ကြဉ်မှုများကြသည်။ ရုတ်တရက်သွေးပေါင်တက်စေသော အစာများကို ရှောင်ကြဉ်ရန်သိရှိမှု နည်းကြသည်။ တိုင်းရင်းဆေးပညာရှုထောင့်မှ တင်ပြသော    ရုတ်တရက်သွေးပေါင်တက်စေသည့်အစာ (တစ်နည်း-လေတိုး၊ သွေးတက်စေသောအစာ)များမှာ  ခွေးတောက်ရွက်၊  တမာရွက်၊  တမာချဉ်၊ ကြောင်လျှာသီး၊  ကြက်ဟင်းခါးသီး၊  ခရမ်းကစော့၊ ခရမ်းကြွပ်သီး၊ သင်္ဘောပွင့်၊ သင်္ဘောရွက်၊ လက်ဖက် ရွက်၊ လက်ဖက်နှပ် အစရှိသော အခါးဓာတ်ရှိသည့် အသီးအရွက်များဖြစ်သည်။  အခါးဟူသမျှ  လေဓာတ်ကြွသည်ဟု  တိုင်းရင်းဆေးပညာတွင် အဆိုရှိသဖြင့် လေဓာတ်ကြွ၍ သွေးတိုးတတ်သောကြောင့် သွေးတိုးရောဂါကို    ရုတ်တရက်ဖြစ်စေနိုင်သည်ဟု မှတ်သား ခဲ့ဖူးသည်။ ရုတ်တရက်သွေးတိုးလာလျှင် သောက် ထားသောသွေးတိုးကျဆေးလည်း   မကယ်တင်နိုင်ပေ။

လူကြီးများ ရုတ်တရက်ထိတ်လန့်လျှင် သွေးတိုးပြီး ဦးနှောက်ကိုထိခိုက်၍   လေဖြတ်နိုင်သည်။  အခန့်မသင့်လျှင်   ရုတ်တရက်လဲကျပြီး   အသက်သေဆုံးတတ်သည်။ ယင်းနှင့်ပတ်သက်၍ သတိထားနိုင်ရန် ထပ်မံတင်ပြလိုသည်။  အသက်အရွယ်ကြီးသူများ အနေဖြင့် အိပ်ရာနံဘေး၌ ဖုန်းမထားသင့်ပေ။ ကောင်းစွာ   အိပ်မောကျနေစဉ်   ရုတ်တရက်ထမြည်သောဖုန်းသံက ဦးနှောက်ကို ဒုက္ခပေးနိုင်သည်။ ထို့အတူပင် အသံကျယ်သော နှိုးစက်ကိုလည်း    မထားသင့်ပေ။    အိပ်ပျော်နေသောလူကြီးများကို တံခါးခေါက်နှိုးခြင်း၊ အထိတ်တလန့်ဖြစ်စေရန် ပြုလုပ်ခြင်းများ  ရှောင်ကြဉ်သင့်သည်။

သက်ကြီးရွယ်အိုများအနေဖြင့် သတိပြုရန်လိုအပ်သည်မှာ  ဖုန်းကို  မိမိအိပ်ရာနံဘေးတွင်  မထားပါနှင့်။ ဖုန်းမြည်သံကြားတိုင်း ရုတ်တရက်မထပါနှင့်။

အိပ်ရာမှမထမီ ဘေးတစ်ဖက်သို့စောင်းပါ။ ထို့နောက် စောင်ခြုံထားလျှင် ခြုံစောင်ကို ဖြည်းညင်းစွာခွာပါ။ ပြီးမှ  တဖြည်းဖြည်း  ခုတင်ဘေးသို့  ခြေတွဲလောင်းချသည့်အနေအထားထိုင်ပေးပါ။ ပြီးမှ ခုတင်ပေါ်မှ တဖြည်းဖြည်းချင်းဆင်းပါ။ တခြားကိစ္စများ၊ ဆူညံသံများကြားပါကလည်း ဤအတိုင်းပင် လိုက်နာဆောင်ရွက်ပါ။

အချုပ်အားဖြင့်ဆိုသော် အသက် ၅၀ ကျော်သူများ အထူးသတိထားသင့်သည်မှာ လေဖြတ်ခြင်းသည် သင့်အား အလစ်ချောင်းနေသည်ကို သတိပြုဆင်ခြင်နိုင်ကြရန် သတိပေး တင်ပြလိုက်ရပါသည်။   ။