သထုံမြို့၌ ရထားနှင့်တိုက်မိ၍ လူတစ်ဦးသေဆုံးမှုဖြစ်ပွား

 

သထုံ၊ သေမှုသေခင်း

မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက်၌ဇန်နဝါရီ ၁၈ ရက်ညနေ ၄ နာရီတွင် အမျိုးသားတစ်ဦး ရထားနှင့် တိုက်မိ၍သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်ခေါင်းမောင်း ဦးမြင့်ဇော်၊ ရထားထိန်း ဦးဇော်လင်းခိုင်တို့မောင်းနှင်လာသော ပုဇွန်တောင်-ဇင်းကျိုက် ရထားအမှတ်(၆၈၁)အဆန် ကျောက်တွဲရထားသည် နန်းခဲကွက်သစ် (၂)လမ်း အနီး ရန်ကုန်-မော်လမြိုင်ရထားလမ်း  နောင်ကုလားဘူတာနှင့်သထုံဘူတာကြား မိုင်တိုင်အမှတ် (၁၃၇/၉)နှင့် (၁၃၇/၁၀)ကြားအရောက်တွင်ရထားသံလမ်းပေါ်၌ အိပ်နေသည့် သထုံမြို့ နန်းခဲရပ်ကွက် ဘူတာလမ်းနေ ကျော်ဟိန်း(ခ)ပုကျိနှင့် နန်းခဲရပ်ကွက် ကွက်သစ်(၂)လမ်းနေ ရာဂျား(ခ) အောင်အောင် တို့အား တိုက်မိသွားသည်။

ထိုသို့ရထားတိုက်မိသဖြင့် ကျော်ဟိန်း(ခ)ပုကျိမှာ အခင်းဖြစ်နေရာ၌  သေဆုံးသွားပြီး ရာဂျား(ခ) အောင်အောင်မှာဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိသဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိ သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ရထားသံလမ်းပေါ်၌အိပ်နေသူ  ကျော်ဟိန်း(ခ)ပုကျိနှင့် ရာဂျား(ခ) အောင်အောင်တို့အား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။