သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး   စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး   စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

နေပြည်တော် မေ - ၂၀

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)"မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးခင်မောင်ရီ ၊ ဦးမင်းနောင်နှင့် ဦးမျိုးသန့် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင် များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝ ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ပြောကြားရာတွင် ပြီးခဲ့သည့် ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း"မိုခါ" (MOCHA) ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးခဲ့မှုများအပေါ် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အတွက် ယခုကဲ့သို့ စာနာမှုအပြည့်ဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းသည့် အတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း၊ သဘာဝဘေး အန္တရာယ်ဟူသည် တားဆီး၍ ရနိုင်သည့်အရာမဟုတ်ဘဲ ဖြစ်ပေါ်လာနိုင်သည်များကို မည်ကဲ့သို့ကြိုတင် ပြင်ဆင်ကာကွယ်နိုင်မည်၊ ဖြစ်ပေါ်ပြီးပါက ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို ကြိုတင်စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဝင်ရောက်ခဲ့သည့် အတွေ့အကြုံများရှိခဲ့ပြီး သဘာဝဘေးဒဏ်ကို ခါးသီးစွာ ခံစား ခဲ့ရကြောင်း၊ ထိုနောက်ပိုင်း အစိုးရနှစ်ဆက်တွင် သဘာဝဘေးဒဏ်အချို့ကို တွေ့ကြုံခဲ့ ရသော်လည်း ကြီးမားသည့်သဘာဝဘေးများမရှိခဲ့ကြောင်း၊  နာဂစ်မုန်တိုင်းဖြစ်ပွားချိန် တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် ပြည့်စုံစွာ ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ခြင်းမရှိသော်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတတ် နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ တပ်မတော်ပိုင်းတွင်လည်း ကြိုတင်ပြင်ဆင် မှုများစွာကို ဆောင်ရွက်ခဲ့ကြောင်း၊ သဘာဝဘေးဒဏ်များမကျရောက်မီကတည်းကပင် ကမ်းရိုးတန်းဒေသများရှိ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များ၌ အဆောက်အဦများကို Slab ဖြင့်သာ အမိုးမိုးစေခဲ့ပြီး သဘာဝဘေးကို ကြိုတင်မျှော်တွေး ပြင်ဆင်ဆောင်ရွက်ခဲ့ သောကြောင့် ထိခိုက်ပျက်စီးမှုများ မရှိသလောက်နည်းပါးခဲ့သည်ကို လက်တွေ့ တွေ့မြင် ခဲ့ရကြောင်း၊ ထို့ပြင် နာဂစ်အတွေ့အကြုံများအရ ဆိုင်ကလုန်း Shelter များနှင့် Multipurpose သုံးနိုင်သည့် အဆောက်အဦများကိုလည်း ကမ်းရိုးတန်းဒေသများနှင့် ရခိုင် ပြည်နယ်တို့တွင် ဆောက်ပေးခဲ့သော်လည်း လိုအပ်မှုများရှိနေသေးသည်ကို တွေ့ရှိရ ကြောင်း။

မုန်တိုင်းနှင့်ပတ်သက်၍ မုန်တိုင်း ကျရောက်နိုင်ကြောင်းကို မိုးလေဝသသတင်းများ နှင့်  တာဝန်ရှိသူများ၏တင်ပြချက်များအရ သိရှိခဲ့ရကြောင်း၊ တောင်တရုတ် ပင်လယ် အတွင်းဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းနှင့် အိန္ဒိယသမုဒ္ဒရာအတွင်းဖြစ်ပေါ်ခဲ့သည့် မုန်တိုင်း တို့ဖြစ်ကြောင်း သိရှိရပြီး မိမိတို့အနေဖြင့် သတိကြီးစွာထား၍ စောင့်ကြည့်ခဲ့ကြောင်း၊  ကံကောင်းစွာဖြင့် တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းသည် ပျက်ပြယ် သွားခဲ့ကြောင်း၊ အဆိုပါ မုန်တိုင်းနှစ်ခုဆုံမည်ဆိုပါက  မူလတွင် ရန်ကုန်နှင့် စစ်တောင်း မြစ်ဝဘက်သို့ တနင်္သာရီကမ်းရိုးတန်းကြားမှ ဝင်ရောက်မည်ဟု ကြိုတင်ခန့်မှန်းထား မှုများရှိခဲ့ကြောင်း၊ စစ်တောင်းမြစ်ဝဘက်တွင် ယခင်က သဘာဝဘေးအန္တရာယ် ကြုံတွေ့ ခဲ့ဖူးခြင်းမရှိသဖြင့် မိမိအနေဖြင့် အထူးစိုးရိမ်ခဲ့ရပြီး သတိပေးအမိန့်များထုတ်ပြန်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ကံကောင်းစွာဖြင့် မုန်တိုင်းနှစ်ခုအနက် တစ်ခုသည် ပျက်ပြယ်ခဲ့ပြီး တစ်ခု သာလျင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း။

မုန်တိုင်းဝင်ရောက်မည်ဟု သေချာသည့် ခန့်မှန်းမှုများ ရရှိသည့်အချိန်တွင် မိမိတို့ အနေဖြင့် အနီရောင်အဆင့် မုန်တိုင်းသတိပေးချက်ကို ဆောလျှင်စွာ ထုတ်ပြန် ဆောင် ရွက်ခဲ့ကြောင်း၊  ကြိုတင် ပြင်ဆင်ရန်လိုအပ်ချက်များကို ဆောလျှင်စွာပြင်ဆင်စေခဲ့သော ကြောင့် ရွှေ့ပြောင်းမှုများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူခဲ့ကြောင်း၊ မုန်တိုင်း အမှန် တကယ် မဝင်ရောက်မီ ရွှေ့ပြောင်းရန် တစ်ရက်ကြိုတင်ပြင်ဆင်ချိန်ရရှိခဲ့ပြီး လူထိခိုက် သေဆုံးမှုများ လည်းနည်းပါးခဲ့ကြောင်း၊ တစ်နာရီလျင် ၁၃၅ မိုင်နှုန်းဖြင့် တိုက်ခတ်သည့် လေပြင်းအရှိန်သည် အလွန်ပြင်းထန်ပြီး နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်ကထက် ပိုမိုပြင်း ထန် ကြောင်း၊ မိမိတို့ သွားရောက်ကြည့်ရှုသည့် အချိန်တွင်လည်း ထိခိုက်ပျက်စီးမှုများ အလွန်များပြား သည်ကို တွေ့ရှိခဲ့ရကြောင်း။

မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်တွင် လိုအပ်သည့် အရေး ပေါ် စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပေးအပ်ခြင်းတို့ကို ဆောင်ရွက် ပေးနိုင် ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို မေ ၁၅ ရက် နံနက်ပိုင်း၌ ပြုလုပ်လျက်ရှိစဉ် အလှူရှင်များက သဘာဝဘေးဒဏ်သင့် ဒေသ များအတွက် အလှူငွေများ လာရောက်လှူဒါန်းလိုကြောင်း သိရှိရသဖြင့် အရေးပေါ် အလှူငွေလက်ခံခြင်းအခမ်းအနား တစ်ခုပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားကို အချိန်တို အတွင်းစီစဉ်ခဲ့ရပြီး စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀  သိန်းကို လက်ခံရရှိခဲ့ ကြောင်း၊ မိမိတို့မြန်မာလူမျိုးတို့၏ စေတနာသဒ္ဒါတရားကြီးမားမှုနှင့် စာနာစိတ်၊ မေတ္တာ စိတ် အရင်းခံကိုလည်း တွေ့မြင်ခဲ့ရပြီး လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း။

သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများသို့ သွားရောက်ကြည့်ရှုခဲ့ရာတွင်လည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို အချိန်ယူ၍ ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လူအင်အားအများအပြားဖြင့် ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ အများအပြားကို သဘာဝဘေးဒဏ်သင့် ဒေသများသို့ စေလွှတ်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်စေလျက်ရှိကြောင်း။

သဘာဝဘေးဒဏ်ကျရောက်ခဲ့ရာတွင် မိမိတို့အတွက် အတွေ့အကြုံများစွာလည်း ရရှိခဲ့ကြောင်း၊ အဆိုးအကောင်း၊ အကျိုးအပြစ်များကိုလည်း တွေ့မြင်ခဲ့ရပါကြောင်း၊ လူတို့၏ အားနည်းချက်ကြောင့်လည်း သဘာဝဘေးသင့်သည်များကိုလည်း တွေ့ရှိရပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ စေတီပုထိုးများ၏ ပရိဝုဏ်အတွင်း ရေဝင်၊ ရေဝပ် ခြင်းများသည် ရေစီးရေလာကောင်းမွန်အောင် ကြိုတင်ဆောင်ရွက်နိုင်မှုအားနည်းခြင်း တို့ကြောင့်ဖြစ်သည်ကို တွေ့မြင်ရကြောင်း၊ ထိုသို့ ဖြစ်ပေါ်ခဲ့ရသည်များကို သင်ခန်းစာယူ ၍ နောင်မဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

သဘာဝဘေးနှင့် ပတ်သက်၍ အတွေ့အကြုံများရှိကြသည်ဖြစ်သော်လည်း အချို့ သောသူများမှာ ဘေးလွတ်ရာသို့ မရွှေ့ပြောင်းလိုကြသူများလည်း ရှိကြကြောင်း၊  အများစု ပြောင်းရွှေ့ပေးနိုင်ခဲ့သော်လည်း အချို့သည်ရွှေ့ပြောင်းပေးမှုအပေါ် ငြင်းဆန်မှုများရှိခဲ့ ကြောင်း၊  ထိုသို့ မရွှေ့ပြောင်းမှုများကြောင့် သေဆုံးခဲ့ရသည်များဖြစ်ပေါ်ခဲ့ရကြောင်း၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရှိသူများအနေဖြင့် ထိခိုက်မှုမရှိခဲ့သည်ကို တွေ့မြင်ရ ကြောင်း၊ မိမိတို့နိုင်ငံသို့ မုန်တိုင်း ဝင်ရောက်နိုင်ခြေ ရာနှုန်းပြည့်နီးပါး သေချာနေသည့် အချိန်တွင် လူသေဆုံးမှုအများအပြား ရှိနိုင်ကြောင်းနှင့် ထိခိုက်ပျက်စီးမှုများ များစွာ ဖြစ်ပေါ်နိုင်ကြောင်းကို နိုင်ငံတကာမှ သုံးသပ်ခဲ့ကြကြောင်း၊ အမှန်တကယ်ဝင်ရောက်ခဲ့ ချိန်တွင် ပျက်စီးမှုသည်လည်း များပြားခဲ့ပါ ကြောင်း၊ မေလ ၁၉ ရက်နေ့ ညနေပိုင်းအထိ ကောက်ယူရရှိသောစာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်  စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ် ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် အနေဖြင့် စစ်တွေလေဆိပ်နှင့် ကျောက်ဖြူ လေဆိပ်၊  ဌာနဆိုင်ရာ အဆောက်အဦ ၃၄၀ လုံး ပျက်စီးခဲ့ရသည်ကို တွေ့ရှိရပြီး သေဆုံးသူ ၁၄၅ ဦးရှိကြောင်း၊ယင်းတို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။

ယနေ့ အလှူရှင်များ လာရောက်လှူဒါန်းသည့် အလှူငွေများ၊ ပစ္စည်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မေ ၁၅ ရက်နေ့ မိမိတို့ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်စဉ် အလှူငွေ ကျပ်သိန်းပေါင်း ၇၀၀၀၀ ကို ပြည်နယ်ဝန်ကြီးချုပ်ထံ တစ်ပါ တည်းလွှဲပြောင်းပေးခဲ့ကြောင်း၊ သဘာဝဘေးဒဏ်သင့်ပြည်သူများ ထပ်မံထိခိုက် သေဆုံးမှု မရှိစေရေး၊ စားရေရိက္ခာ မပြတ်လပ်စေရေးကို ဦးစွာဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း၊ ထို့နောက် လမ်းပန်းဆက်သွယ်မှုများ ပြန်လည်ရရှိအောင် ဦးစားပေးဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း၊ ပြည်လမ်းကြောင်းနှင့် မကွေး လမ်းကြောင်း တို့မှ မော်တော်ယဉ်များနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများပို့ဆောင် နိုင်ရေး အသင့်ပြင်ဆင်ထားသည့် ယာဉ်အုပ်စုဆယ်စုနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များကို ညတွင်းချင်း ပို့ဆောင်စေခဲ့ပြီး နောက်တစ်နေ့တွင် စစ်တွေမြို့သို့ရောက်ရှိခဲ့ကြောင်း၊ မိမိ တို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်မီဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

အလားတူ လေကြောင်းမှလည်း ကူညီကယ်ဆယ်ရေးပစ္စည်းများကို အချိန်မီ ပို့ ဆောင်ပေးခဲ့ကြောင်း၊ ထိုသို့ကူညီကယ်ဆယ်ရေးလုပ်ငန်းရပ်များအတွက် ကြိုတင် ပြင်ဆင်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ တပ်မတော်မှ ဦးဆောင်၍ ဆောင်ရွက်ခြင်းနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေခံပြည် သူများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်ဆီးဆုံးရှုံးမှုများကို များစွာ သက်သာစေခဲ့သည်ကို သက်သေပြနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်ပွားခဲ့ သည့်မုန်တိုင်းသည် မိမိတို့အတွက် ကြီးမားသည့် သင်ခန်းစာတစ်ခုပင်ဖြစ်ကြောင်း။

ယခုကဲ့သို့ စေတနာထက်သန်စွာဖြင့် လာရောက်လှူဒါန်းမှုများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ စေတနာသည်သာအရင်းခံဖြစ်ကြောင်း၊ ၂၀၂၀ မှစ၍ ဖြတ်သန်း ခဲ့ရသည့် နှစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးအကြပ် အတည်းများကြောင့်စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ရုန်းကန် မှုများဆောင်ရွက်ခဲ့ရာတွင် ၂၀၂၂ ခုနှစ်တွင် နိုင်ငံစီးပွားရေးမှာ အတိုင်းအတာတစ်ခု အထိတိုးတက်လာပြီး ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးလက်လာကြောင်း၊ သို့သော် မိမိတို့ အနေဖြင့်နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကာလအတွင်း နိုင်ငံစီးပွားရေးပြန်လည်ကောင်းမွန်လာပြီး ဝင်ငွေများရရှိလာခြင်း ကြောင့် ယခုကဲ့သို့လှူဒါန်းနိုင်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့လှူဒါန်းငွေများ များစွာ လှူဒါန်းနိုင်ခြင်းမှာ နိုင်ငံ၏စီးပွားရေးအားကောင်းမွန်မှုကို ပြသခြင်းပင်ဖြစ်ကြောင်း၊   ယခုအခါ လှူဒါန်းမှုများအနေဖြင့် အခြားနေရာများမှမပါ စုစုပေါင်း ဘီလီယံ ၂၀ ခန့်ရှိပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံအတွက် အရေးပေါ်လိုအပ်သည့်အချိန်တွင် စေတနာ တရား ထက်သန်စွာဖြင့် လှူဒါန်းမှုများပြုလုပ်ပေးသည့်အတွက် အလှူရှင်များကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်၏ အကျိုးစီးပွား အတွက် မည်သည့်လုပ်ငန်းများကိုမဆို အောင်မြင်အောင် ကူညီဆောင်ရွက်ပေးရန် အဆင့်သင့်ရှိသည်ကိုပြောလိုပါကြောင်း၊ တိုင်းပြည်ကောင်းရန်အတွက် အမှန်တကယ် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ မိမိ အနေဖြင့် တိုင်းပြည်သာယာဝပြောပြီး နိုင်ငံသူ၊ နိုင်ငံသားအားလုံး ကိုယ်စိတ်နှလုံး အေးချမ်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ရည်မှန်းဆောင်ရွက်နေ ခြင်းဖြစ် သဖြင့် မိမိတို့၏ဆောင်ရွက်ချက်များအောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ မုန်တိုင်းဒဏ် သင့်ဒေသများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကိုဆောင်ရွက်ပေးရာတွင် ယခင်က ထက် ပိုမိုသာလွန်ကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုများသည် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများမှ ပြည်သူများအတွက် အားကို ဖြစ်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့် ဒေသများကို ထိထိရောက်ရောက်ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရခိုင် ပြည်နယ် တစ်ခုတည်းသာမက ချင်းပြည်နယ် အချို့သောဒေသများအတွက်လည်း ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် စီမံခန့်ခွဲ မှုများ ပိုမို အဆင်ပြေမြန်ဆန်စေရေးအတွက် တပ်မတော်အရာရှိကြီးများကို စေလွှတ်၍ ဆောင်ရွက် စေလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အတွေ့အကြုံရှိပြီးဖြစ်သဖြင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဖြင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိုးမကျမီကာလအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ရန်လိုသဖြင့် မိမိတို့အနေဖြင့် အားသွန်ခွန်စိုက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိ သည်ကိုပြောကြားလိုကြောင်း၊ လှူဒါန်းငွေများကိုလည်း အကျိုးရှိရှိဖြင့် ထိထိရောက် ရောက်အသုံးချသွားမည်ဖြစ်ပြီး ယနေ့လှူဒါန်းမှုများအတွက် အထူးပင်ကျေးဇူတင်ရှိ သည်ကို ထပ်လောင်းပြောကြာလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် မေ ၁၅ ရက်တွင် ကနဦးအလှူ ငွေများ လှူဒါန်းခဲ့ကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ယင်းနောက် တက်ရောက်လာကြသည့် စေတနာရှင်၊ အလှူရှင်များက သဘာဝ ဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများကို ပေးအပ် လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုအခါနိုင်ငံတကာမှလည်း အကူအညီများ ပေးအပ်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံမှလည်း ကူညီကယ်ဆယ်ရေးပစ္စည်းများကို သင်္ဘောများဖြင့် လာရောက်ပို့ဆောင်ပေးလျက်ရှိသကဲ့သို့ တရုတ်နိုင်ငံမှလည်း အရေး ပေါ်အနေဖြင့် နယ်စပ်မှစားသောက်ကုန်များကို ပေးပို့လျက်ရှိပြီး ထိုင်းနိုင်ငံအနေဖြင့် လည်း လာမည့်တနင်္လာနေ့တွင် ပေးပို့မည်ဖြစ်ကြောင်း၊ အလားတူအာဆီယံ (AHA) စင်တာမှလည်း ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့သွားမည် ဟုသိရှိရကြောင်း၊ အခြား နိုင်ငံတကာမှလည်း ကူညီမှုများဆောင်ရွက်ပေးသွားမည်ဟု အသိပေးအကြောင်း ကြားမှု များ ရရှိပြီးဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပမှလှူဒါန်းသည့်အလှူငွေများနှင့် ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူများတစ်ဦးတစ်ယောက်မှ မကျန်ရှိစေရေးကူညီ ဆောင်ရွက်ပေးသွားမည်ကို အသိပေးပြောကြားလိုကြောင်း၊ ယနေ့ လှူဒါန်းမှုပြုကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံးကိုလည်း နိုင်ငံတော်၏ကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် စေတနာရှင်၊ အလှူရှင် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ယင်းနောက် ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)"မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ပျက်စီးဆုံးရှုံးခဲ့မှု၊ စေတနာရှင်အလှူရှင်များက လှူဒါန်းထောက်ပံ့မှု၊ သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများသို့ ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်မှု၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ကြ သည်။

ယနေ့ကျင်းပပြုလုပ်သည့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင် ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် စေတနာရှင်၊ အလှူရှင်များမှ လှူ ဒါန်းမှုစုစုပေါင်းအနေဖြင့် ငွေကျပ် ၈,၇၁၇,၅၃၉,၅၀၀ ၊ ထိုင်းဘတ်ငွေ ၁ သန်း၊ ကျပ်သိန်း ၁၅၀၀၀ တန်ဖိုးရှိ သွပ်ချပ်ရေ ၁ သိန်းနှင့် ဆက်စပ်အိမ်မိုးပစ္စည်းများ၊ ယွမ် ၁ သိန်းနှင့် ညီမျှသည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် ရေသန့်များ ကိုလက်ခံရရှိခဲ့သည်။ ထို့ကြောင့် မေ ၁၅ ရက်တွင်အလှူရှင်များက လှူဒါန်းခဲ့သည့် အလှူငွေ စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀  သိန်းဖြစ်သဖြင့် ယခုအကြိမ်နှင့်ဆိုပါက စေတနာရှင်အလှူရှင်များ၏ စုစုပေါင်း လှူဒါန်းငွေမှာ ငွေကျပ်သိန်းပေါင်း ၂၁၈,၉၈၅ သိန်းကျော်ဖြစ်ကြောင်း သတင်းရရှိသည်။