သဘာဝဘေးအန္တရာယ်များ လျော့နည်းကျဆင်းစေရေး အားလုံးပူးပေါင်းပါဝင်ရန်လိုအပ်

သဘာဝဘေးအန္တရာယ်များ လျော့နည်းကျဆင်းစေရေး အားလုံးပူးပေါင်းပါဝင်ရန်လိုအပ်

ကမ္ဘာတစ်ဝန်း၌ အချိန်အခါမရွေးဖြစ် ပေါ်လာနိုင်သည်ကား သဘာဝဘေးအန္တ ရာယ်ပင်ဖြစ်သည်။ ဆုံးရှုံးမှုများစွာနှင့် အသက်အိုးအိမ်စည်းစိမ်များကို မထောက် မညှာနင်းချေသွားမည့် အန္တရာယ်ဖြစ်၍ ကမ္ဘာ့အဆိုးရွားဆုံးအန္တရာယ်ဟု ဆိုရမည် ဖြစ်သည်။ သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ် နိုင်ငံ၏   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိပြီး သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံ၏ ဆောင်ရွက်ဆဲ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို အဟန့်အတားဖြစ်စေသည်။ ထို့ပြင် ဖွံ့ဖြိုး တိုးတက်မှု  အခြေအနေကောင်းများကိုလည်း အဟန့်အတားဖြစ်စေမည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့်   သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မလာစေရေး  ကာကွယ်နိုင်မည့် နည်းလမ်းကောင်းများရှာဖွေ၍   နိုင်ငံအလိုက်သာမက  ကမ္ဘာ့အဆင့်   ကြိုးပမ်းဆောင်ရွက်မှုများကို   အရှိန်အဟုန်ဖြင့်   လုပ်ဆောင်ကြရန်လိုအပ်သည်။   သိပ္ပံပညာရှင်တချို့က သဘာဝဘေးအန္တရာယ်သည် လူတို့လုပ်ဆောင်ဖန်တီးမှုများကြောင့်လည်း    ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု အဆိုပြုနေပါသည်။   မည်သို့ပင်ဆိုစေ ဘေးအန္တရာယ်ဟူသည်   ကြောက်စရာအသွင်ရှိသောကြောင့် သတိပြုသင့်သည်။ သဘာဝဘေးအန္တရာယ်ကို   ကြိုတင်ကာကွယ်ရန် လူတိုင်းတွင် တာဝန်ရှိသည်မှာမှန်သော်လည်း  အန္တရာယ်တွေ့ကြုံမှ     အပူတပြင်းဆောင်ရွက်ခြင်းထက် သဘာဝဘေးအန္တရာယ်မကျရောက်မီ   ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှည်သဖြင့် လုပ်ဆောင်ရန်  အထူးဆောင်ရွက်ထားသင့်သည်။  သဘာဝဘေးအန္တရာယ်သည် သဘာဝဘေးနှင့်  လူသားတို့ဖန်တီးသောဘေးဟူ၍  နှစ်မျိုးရှိကာ  ထိုနှစ်မျိုးစလုံးသည်  ကမ္ဘာကြီးနှင့်  လူသားထုတစ်ရပ်လုံးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို    ဖြစ်သွားစေနိုင်သောကြောင့် ကြောက်စရာဘေးအသွင်ဖြစ်သဖြင့် ထိုအန္တရာယ်ဘေးအား မည်သို့ဟန့်တားကာကွယ်ရမည်ကို သတိပြုစဉ်းစားကြရန် လိုအပ်သည်။

ယနေ့ကမ္ဘာ့နိုင်ငံကြီးများသည် သဘာ၀ ဘေးအန္တရာယ်များနှင့် တွေ့ကြုံနေရသည် ကိုလည်း ကမ္ဘာအတွင်း မှီတင်းနေထိုင်ကြ သောလူသားများအသိပင်ဖြစ်သည်။ ဤသို့ ဖြစ်လာရခြင်းသည် ကမ္ဘာကြီးအတွက်သာမက လူသားများအတွက်ပါ စိုးရိမ်ဖွယ်ဖြစ် သည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲ၍မရသော်လည်း ဖြစ်စဉ်အရ လျော့နည်းစေရန် လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်သင့်သည်။ ကာကွယ်မရ ကြုံဆုံရသော ဘေးအန္တရာယ်သည် ဆုံးရှုံးမှုများနှင့် အဆုံးသတ်ရမည်ဖြစ်သည်။ လူသားများအဖို့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ပါးစေရန် အင်တိုက် အားတိုက် လုပ်ဆောင်လာကြသော်လည်း ရာသီဥတုဖြစ်စဉ်များကြောင့်  ဘေးအန္တရာယ်များ လျော့နည်းမသွားဘဲ တိုးပွားလျက်ရှိသည်။ ဘေးအန္တရာယ်သည် နေရာဒေသတစ်ခု   သို့မဟုတ်   လူတစ်စုကိုရွေးချယ်၍  ကျရောက်တတ်ခြင်းမဟုတ်သဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချရေးသည် လူသားတိုင်း၏ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်လာသည်။ များလာသောဘေးအန္တရာယ်များ၏စွမ်းအားထက် ကျော်လွန်သည့်စွမ်းအားဖြင့်   လူသားအားလုံးက    ကြိုးပမ်းဆောင်ရွက်မှသာ ထိခိုက်ဆုံးရှုံးမှုများကို သိသာစွာ လျှော့ချနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ပညာရှင်များစုစည်းထားသော အဖွဲ့အစည်းများသည် သဘာဝဘေးအန္တရာယ်လျော့နည်းရေးအတွက် ပတ်ဝန်းကျင်လေ့လာရေး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းစီမံရေးများကို အသိပညာပေးပို့ချလျက်ရှိသည်။ လူတို့၏  အမျိုးမျိုးသောလုပ်ဆောင်ချက်များကြောင့်   ယိုယွင်းပျက်စီးလာသော ကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်မှုများ  မဖြစ်မနေဆောင်ရွက်ကြရန် လိုအပ်လာပြီဖြစ်သည်။  ထို့ပြင်  စွန့်ပစ်ပစ္စည်းများ စွန့်ထုတ်မှု၊ လေထုညစ်ညမ်းမှုဖြင့် တိရစ္ဆာန်မျိုးစိတ်များ  ဆုံးရှုံးရခြင်းသည်  သဘာဝဘေးအန္တရာယ်ဖြစ်စေနိုင်သော    ပြဿနာတစ်စိတ်တစ်ဒေသဖြစ်သည်။

ထို့ကြောင့် ၂၀၁၅  ခုနှစ်  မတ်လတွင် ကမ္ဘာ့နိုင်ငံအားလုံး၏     သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချ နိုင်ရေးအတွက် အများသဘောတူမူဘောင် တစ်ရပ်ကို ဂျပန်နိုင်ငံ ဆန်ဒိုင်းမြို့၌ ကျင်းပခဲ့သည်။    ကမ္ဘာလုံးဆိုင်ရာညီလာခံကိုကျင်းပ၍  ပန်းတိုင်ခုနစ်ရပ်ကို ချမှတ်ခဲ့ပြီး နိုင်ငံများစုပေါင်း၍ လုပ်ဆောင်ခဲ့ကြသည်။ ကမ္ဘာကြီးကို ဆိုးရွားစွာထိခိုက်စေမည့်လုပ်ရပ်မှန်သမျှအား  ဆင်ခြင်မှုများနှင့်အတူ    ကာကွယ်စောင့်ရှောက်ရေးစီမံချက်များ၊ လိုက်နာရမည့်ကျင့်ဝတ်များ၊ စည်းကမ်းများကိုထုတ်ပြန်၍    တာဝန်သိသောဆောင်ရွက်မှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစီမံချက်များရေးဆွဲကာ    အမျိုးသားသဘာဝဘေးကာကွယ် စောင့်ရှောက်ရေး     ဗဟိုကော်မတီက ဦးဆောင်၍   လုပ်ငန်းကဏ္ဍခုနစ်ရပ်နှင့်အတူ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံ  သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင်  အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ အာရှဒေသအတွင်း သဘာဝဘေးအန္တရာယ်  လျော့ပါးရေးမှတစ်ဆင့်တက်၍ ဖွံ့ဖြိုးတိုးတက်မှုအသွင်ပြောင်းလဲရေးအတွက် ရည်ရွယ်ကာ (၁၁) ကြိမ်မြောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းမှုကော်မတီအစည်း အဝေးကို နေပြည်တော်ရှိ Royal Ace ဟိုတယ်၌ ကျင်းပခဲ့သောအစည်းအဝေးမှ   ထွက်ပေါ်လာသည့်ရလဒ်များအပေါ်အခြေခံ၍ အာရှဒေသ၏ ၂၀၁၅-၂၀၂၅ ခုနှစ်အတွက်     သဘာဝဘေးအန္တရာယ်လျော့ပါးရေးကို   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် တစ်သားတည်းပေါင်းစပ်ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအသွင် ပြောင်းလဲရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်မည်ဖြစ်သည်။ ကမ္ဘာ့လူသားထုများ မှီတင်းနေထိုင်ကြသော  နေရင်းဒေသကို   လူသားများကပင် စောင့်ရှောက်ကြရမည်ဖြစ်သော်လည်း မိမိတို့ဘဝတိုးတက်မှုကို  ဦးစားပေးကာ အသစ်အသစ်သော တီထွင်မှုများ တီထွင်ခဲ့ကြသဖြင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ပျက်စီးခဲ့ရသည်။ ထို့အတူ အတောမသတ်သောလောဘက ကြီးစိုးမှု ဖြင့်   ကမ္ဘာကြီးသည်  ဂေဟစနစ်များ တဖြည်းဖြည်းချို့ယွင်းမှုများဖြစ်ခဲ့ရသည်။ လူသားတို့၏   နည်းပညာမျိုးစုံအတွင်း  ကမ္ဘာကြီးသာမက ပတ်ဝန်းကျင်ပါ ဆုတ်ယုတ်ပျက်စီးမှုများဖြစ်ခဲ့ရသည်။ ထို့ကြောင့်  ကမ္ဘာ့နိုင်ငံအသီးသီးရှိ  တာဝန်ရှိသူများ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဖြစ်ပွားစေနိုင်သော ကမ္ဘာနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုဖြစ်စေမည့် လုပ်ဆောင်ချက်များကို  တားမြစ်ပိတ်ပင်ကန့်သတ်ချက်များ ပြုလုပ်ခဲ့ကြသည်။ ဤကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၏  နောက်ဆက်တွဲဖြစ်စဉ်မှာ    ရာသီဥတုဖောက်ပြန်မှုဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့်ပင် သဘာ၀ ဘေးကျရောက်ခဲ့ခြင်းဖြစ်သည်။ ထိုဘေး အန္တရာယ်ကို လျှော့ချနိုင်ရန် ကောင်းမွန် ပြည့်စုံသော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နိုင်မှသာ ထိရောက်သော လျှော့ချနိုင်မှုကို ဖြစ်စေမည်ဖြစ်သည်။ သို့သော် လူနည်းစု အားနှင့် မရနိုင်သောကြောင့် တာဝန်ရှိသူများ၊  ပရဟိတအဖွဲ့အစည်း၊   ပြည်သူ အားလုံး ပူးပေါင်းပါဝင်သည့်အင်အားဖြင့် ဆောင်ရွက်ကြမည်ဆိုလျှင် အတိုင်းအတာ တစ်ခုရရှိသည်အထိ  ထိန်းသိမ်းနိုင်မည်ဟုလည်း  ပညာရှင်များက လက်ခံထားသည်။ လူသားတို့အတွက် အကောင်းဆုံးဆုလာဘ်မှာ   သက်ရှိလူသားများ၏  ဘဝများစွာအတွက်   အကာအကွယ်ဖြစ်စေရေး သဘာဝဘေးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ခြင်းသာဖြစ်သည်ဟုဆိုချင်ပါသည်။ ထို့ကြောင့်    သဘာဝဘေးအန္တရာယ် လျော့နည်းကျဆင်းစေရေးအတွက် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပူးပေါင်းပါဝင်မှုအင်အားသည် အဓိကကျသော လိုက်နာဆောင်ရွက်နိုင်မှုဖြစ်သည်မှာ   အသေအချာပင်ဖြစ်သည်။ ကမ္ဘာမြေကြီးသာယာရေး သဘာဝဘေးအန္တရာယ်မှ     ကာကွယ်ကြရမည် ဖြစ်ပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။     ။      

 မြမဉ္စူဝေ(ကျုံမငေး)