နေပြည်တော်၊ မတ် - ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ပခန်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလာဘိဝံသ အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော် ကြည်ညိုပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သော အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်အား ဆက်ကပ် ပူဇော်ကာ လှူဖွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဝန်းသိုမြို့၊ ခန္တီးပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇန၀အား ဖူးမြော်ကြည်ညိုကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သော အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်အား ဆက်ကပ်ပူဇော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ရွှေဘိုတပ်နယ်နှင့် ဝန်းသိုတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာ စကားပြောကြားခဲ့သည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောင်ရေဖြူကျေးရွာအုပ်စု၊ နာရဒရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာရဒ ဆရာတော်ကြီးအား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များ၊ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက် ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သော အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်အား ဆက်ကပ် ပူဇော်ကာ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဝိဇ္ဇောတာရုံကျောင်းတိုက် ဦးစီးပဓာနနာယက၊ ပန္နရသ ရွှေကျင်သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု၊ သက်တော်ရှည်ဆရာတော် ဘုရားကြီးအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဖဒိုမန်းငြိမ်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ ဘွဲ့တံဆိပ်တော်ယူရန် ကြွရောက်နိုင်ခြင်းမရှိဘဲ အင်းစိန်မြို့နယ်ရှိ KWEKABAW ဆေးရုံတွင် တက်ရောက်ဆေး ကုသမှု ခံယူလျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သာယာကုန်းကျေးရွာ၊ သုံးထပ် ကျောင်းတိုက်ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တပဏ္ဍိတအား လည်းကောင်း သွားရောက်ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ဆက်ကပ်သည့် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်များအား အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ ဇောတိကာရုံပါဠိတက္က သိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလဇောတိက အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော် ကြည်ညိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဆက်ကပ်သည့် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေးခဲ့ကြသည်။
ထို့အတူ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲများကို တိုင်းစစ်ဌာနချုပ် အသီးသီး၌ မတ် ၂၇ ရက်နှင့် ယနေ့တို့တွင် ပြုလုပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သာသနာနွယ်ဝင် သီလရှင် ဆရာကြီးများ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊ တိုင်းမှူးများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သာသာနွယ်ဝင်သီလရှင် ဆရာကြီးများအား သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များအလိုက် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များအား အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေးကြသည်။
ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများနှင့် သာသနာနွယ်ဝင် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြောင်း သတင်းရရှိသည်။