သာသနာတော်ဆိုင်ရာ “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော် ရရှိတော် မူသော ပြင်ဦးလွင်မြို့နယ်၊ နောင်ခမ်းကြီးကျေးရွာ၊ ဝါဆိုမှီကျောင်း ဆရာတော်အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဧပြီ - ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ၂၀၂၂ ခုနှစ်တွင် ဆက်ကပ်လှူ ဒါန်းပူဇော်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိတော်မူသော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ခမ်းကြီးကျေးရွာ၊ ဝါဆိုမှီကျောင်း ဆရာတော် ဘဒ္ဒန္တသုမနအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အယောင် အဆောင်များ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းတိုက် ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဝါဆိုမှီကျောင်း ဆရာတော်ထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက် တာဝန်ရှိသူတစ်ဦးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရက ၂၀၂၂ ခုနှစ်တွင် ဆက်ကပ်လှူဒါန်း ပူဇော်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပြင်ဦးလွင်မြို့နယ်၊ နောင်ခမ်းကြီးကျေးရွာ၊ ဝါဆိုမှီကျောင်း ဆရာတော်ထံ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်များနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းကြ သည်။
၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဝါဆိုမှီကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူခဲ့ကြောင်း သတင်းရရှိသည်။