သားသမီးကိုချစ်လျှင် ဂရုစိုက်စေချင်
ဇူလိုင် ၂၆ ရက်နေ့ထုတ်သတင်းစာများတွင် သတင်းတစ်ပုဒ်ကြားလိုက်ရပြန်ပါပြီ။ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့ ကြို့ရပ်သာကျေးရွာနေ ဦးကံသိန်း ၅၅ နှစ်၏နေအိမ်တွင် ဇူလိုင် ၂၄ ရက် ည ၁၀ နာရီခွဲတွင် သားဖြစ်သူ တင်ကိုဝင်း ၂၅ နှစ်နှင့် ရှိုင်းကိုကို ၂၃ နှစ်တို့သည် လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ရင်ဘတ်၊ ဝဲမျက်လုံး၊ ပေါင်၊ ယာလက်မောင်းနှင့်ကျောကုန်းမီးလောင် ပေါက်ပြဲဒဏ်ရာများရရှိသွားကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာအနီးမှ ဆူပူအကြမ်းဖက်မှုနှင့် အဖျက်အမှောင့် လုပ်ငန်းများတွင် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အဆိုပါဒဏ်ရာရရှိသူနှစ်ဦးအား ဆေးဝါးကုသနိုင်ရေးအတွက် ဆင်မြီးဆွဲမြို့တိုက်နယ် ဆေးရုံသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပို့ဆောင်ပေးစဉ် ရရှိသောဒဏ်ရာ ပြင်းထန် လွန်းသဖြင့် သေဆုံးသွားခဲ့သည်။
အထက်ပါသတင်းနှင့်ဆက်စပ်တွေးကြည့်လျှင် သေဆုံးသွားသူများသည် အသက် ၂၃ နှစ်နှင့် ၂၅ နှစ်ရှိ လူငယ်၊ လူလတ်ပိုင်း(အရွယ်ကောင်းကောင်း)များဖြစ်သည်။ ဖခင်ဖြစ်သူ ဦးကံသိန်းသည် အသက် ၅၅ နှစ် အရွယ်ဖြစ်ပြီး စဉ်းစားဆင်ခြင်နိုင်သော လူကြီးအရွယ် ဖြစ်သည်။ အမှန်ဆိုလျှင် မသင့်လျော်သောအဖျက် လုပ်ငန်းများမလုပ်ဆောင်ရန် သူ၏သားနှင့် သူငယ်ချင်းဖြစ်သူကိုတားမြစ်သင့်သည်။ နောက်ဆုံးအခြေအနေအရ မိမိသားကို မိမိကပြောဆိုဆုံးမ၍မရလျှင် နိုင်ငံတော်တွင် တရားဥပဒေ ထိန်းသိမ်းရေး အဖွဲ့ရှိသည်။ ထိုအဖွဲ့သို့တိုင်ကြားသင့်သည်။ တရားဥပဒေအရ အပြစ်ပေးခဲ့သော်မှ မိမိသားကိုမိမိမြင်တွေ့နိုင်သေးသည်။ ယခုတော့ ငယ်ငယ်ရွယ်ရွယ် မိုက်မိုက်ကန်းကန်း ဖြင့် အသက်ဆုံးရှုံးသွားကြသည်။
မိသားစုအတွက်စိတ်မချမ်းမြေ့စရာဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် လူငယ်နှစ်ဦး ဆုံးရှုံးခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖြစ်ပေါ်လာရခြင်း အကြောင်း ရင်းမှန်ကို မသိကြဘဲ လူငယ်လူရွယ်များကို မသမာသူတို့က သွေးထိုးမြှောက်ပင့်နေကြ၍ လူငယ်အချို့လမ်းမှားရောက်သွားကြသည်။ တောတွင်းလက်နက်ကိုင်စခန်းများတွင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း သွားရောက်တက်ကြသည်။ တောထဲတွင် အချင်းချင်း စိတ်ဝမ်းကွဲကြသည်။ လက်နက်ကိုင်သောင်းကျန်းသူများက ရက်စက်စွာသတ်ဖြတ် ကြသည်။ တချို့သော ဖြစ်ရပ်မှန်များမှာ အများပြည်သူမြင်တွေ့ရန်မသင့်သော မြင်ကွင်းများ ဖြစ်သည်။
လေးလေးနက်နက်စဉ်းစားကြည့်လျှင် NLD ပါတီဝင်များ ပြည်ပကိုထွက်ပြေးကာ လေလှိုင်းအစိုးရအဖြစ် ကြေညာနေသူများသည် ၎င်းတို့အာဏာရရေးအတွက် ဆိုသည် ထက် ဒေါ်လာရရေးကိုသာ ဦးတည်နေခြင်းဖြစ်သည်။ သူတို့သည် လူလည်လူပါးများ ဖြစ်သည်။ ဒီတစ်သက်အာဏာပြန်ရနိုင်ရန် မျှော်လင့်ချက်လုံးဝ(လုံးဝ) မရှိမှန်း သူတို့ကိုယ်သူတို့သိကြသည်။ မြန်မာနိုင်ငံတွင် ခိုင်ခိုင်မာမာ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်း တည်ထောင်ထားသော တပ်မတော်ကို သောင်းကျန်းသူတို့တိုက်ခိုက်လာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။
အောင်မြင်သွားသောအဖွဲ့ဟူ၍ တစ်ဖွဲ့မှမပေါ်ပေါက်သေးသည်မှာ အထင်အရှားဖြစ်သည်။ အဆိုပါ လေလှိုင်းအစိုးရဟုထွင်လုံးထုတ်နေသူများမှာ ပြည်ပကပေးသောဒေါ်လာ ၉ သန်း(လက်ရှိတွင် ၅ သန်း)ရရှိထားသည်ကိုပင် ၎င်းတို့အချင်းချင်းပင် အဝေမတည့် ဖြစ်နေသည်။ ၎င်းတို့အတွက် အသေခံတိုက်ပွဲဝင်နေသော လူငယ်များကို ထောက်ပံ့ခြင်း လုံးဝမရှိကြောင်း ဖမ်းမိသူများ၏ထွက်ဆိုချက်များကို ကြားမြင်ကြရပြီး ဖြစ်သည်။ လူငယ်ကလေးများကို နောက်ကွယ်က မြှောက်ပေးနေသော်လည်း ထိုလူငယ်များတွင် ယင်းတို့၏ မိသားစုဝင်များ တစ်ဦးတစ်ယောက်မျှပါဝင်ခြင်းမရှိသလို ၎င်းတို့ကိုယ်တိုင် သည်လည်း လူငယ်များရှေ့က မားမားမတ်မတ်ရပ်တည်ခြင်းမရှိပေ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တန်ဖိုးရှိသော လူငယ်များမဆုံးရှုံးစေရေးအတွက် လမ်းမှားရောက်နေသူများကို ပြန်လာကြရန်ဖိတ်ခေါ်လျက်ရှိသည်။ သတင်းထုတ်ပြန်ရေး အဖွဲ့အနေဖြင့်လည်း ပြည်သူများသတင်းအမှန်ကို တိတိကျကျခိုင်ခိုင်မာမာ သိရှိစေရေး အတွက် သတင်းစာရှင်းလင်းပွဲများကျင်းပပေးခဲ့သည် မှာ(၇)ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။ ထိုသတင်းစာရှင်းလင်းပွဲများတွင် ဖမ်းဆီးရမိသူများ၏ စကားသံများကို ထုတ်လွှင့်ပေး လျက်ရှိသည်။ ထိုသူများ၏နောင်တရစကားသံများမှာ ဖြစ်ရပ်မှန်ကို လက်တွေ့ လုပ်ဆောင်ပြီးမှ အမှားကိုအမှားဟု သိမြင်ကြသူများဖြစ်သည်။ အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် ခိုင်ခိုင်မာမာပြောပြ နေခြင်းဖြစ်သည်။
သူတို့၏စကားသံထဲတွင် မိဘများ၊ သားသမီးများအတွက် မှတ်သားဖွယ်စကားရပ်တစ်ခုမှာ “ကျွန်တော်တို့ အခုလိုအဖမ်းခံလိုက်ရတာလုံခြုံမှုရှိတယ်။ ပြစ်ဒဏ်ကျခံပြီးရင် ကျွန်တော်တို့ မိသားစုတွေနဲ့ပြန်တွေ့နိုင်သေးတယ်။ လမ်းမှားဆက်လျှောက်နေမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုသေလို့ သေမှန်းတောင်သိမှာမဟုတ်ဘူး” ဟူ၍ ဖြစ်သည်။ ထို့ကြောင့်ပြောလိုသည်မှာ မိဘများအနေဖြင့် သားသမီးများအားပြောဆိုဆုံးမ၍မရလျှင် နီးစပ်ရာ ရဲတပ်ဖွဲ့သို့တိုင်ကြားလိုက်ပါ။ တရားဥပဒေအရ ပြစ်ဒဏ်ခံလျှင် မိမိတို့ သားသမီးများကို မိမိပြန်တွေ့နိုင်သေးကြောင်း ရေးသားလိုက်ရပေသည်။ ။