သံတွဲခရိုင်၊ ဂွမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

သံတွဲခရိုင်၊ ဂွမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်၊ ဇန်နဝါရီ- ၂၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း သည် အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲပိုင်းတွင် သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂွမြို့နယ် ခန်းမ(အလျား ၂၂၀ ပေ၊ အကျယ် ၈၀ ပေ) RCC ၁ ထပ်ခန်းမ တည်ဆောက်နေမှုနှင့် ဂွမြို့နယ်၊ ဂွ-ကျောက်ချွန်လမ်းပေါ်ရှိ ဂွချောင်းတံတား တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ၊ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများအား တွေ့ဆုံ အမှာစကားပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဂွမြို့နယ်အတွက် အားကစားပစ္စည်းများအား တာဝန်ရှိသူထံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။