သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်ကျေးရွာရှိ ကျိုက်နှဲရေလယ်စေတီတော်သို့ ဘုရားဖူး လာရောက်စဉ် လှိုင်းရိုက်ခတ်မှုကြောင့် ရေနစ်သေဆုံးခဲ့သူများနှင့် ဘုရားဖူးလာ ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်ကျေးရွာရှိ ကျိုက်နှဲရေလယ်စေတီတော်သို့ ဘုရားဖူး လာရောက်စဉ် လှိုင်းရိုက်ခတ်မှုကြောင့် ရေနစ်သေဆုံးခဲ့သူများနှင့် ဘုရားဖူးလာ ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၂၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်ကျေးရွာရှိ ကျိုက်နှဲရေလယ် စေတီတော်သို့ ဘုရားဖူးလာရောက်သည့် ဘုရားဖူးပြည်သူများသည် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပင်လယ်လှိုင်းရုတ်တရက်ရိုက်ခတ်မှုကြောင့် ပင်လယ်တွင်း ပြုတ်ကျ၍ မျောပါပျောက်ဆုံးမှုဖြစ်ပေါ်ခဲ့သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် သံဖြူဇရပ် တပ်နယ်မှ တာဝန်ရှိသူများကသွားရောက်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ဘုရားဖူးလာ ပြည်သူများဘေးအန္တရာယ်ကင်းစေရေး လမ်းကြောင်း ပြသခြင်းနှင့် လုံခြုံရေး ဆောင်ရွက်ပေးခြင်းများပြုလုပ်ပေးခဲ့ရာ ရေနစ်သေဆုံးခဲ့သူ သံဃာတော် ၁ ပါး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၅ ဦးတို့ကို ရှာဖွေ တွေ့ရှိိခဲ့ပြီး သံဖြူဇရပ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။
ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည်း အဆိုပါနေရာနှင့် အနီးတစ်ဝိုက်သို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့များက စက်လှေ ၁၀ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ သေဆုံးသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၅ ဦးအား ထပ်မံတွေ့ရှိသဖြင့် သံဖြူဇရပ်ဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ပြီး ယနေ့အထိ သေဆုံးသူ သံဃာ ၁ ပါး၊ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၀ ဦးဖြစ်ကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိသည်။
အဆိုပါနေရာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများ က သွားရောက်၍ သေဆုံးသူများ၏ မိသားစုဝင်များအား အားပေးစကား ပြောကြား ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း လူမှု ကူညီရေးအဖွဲ့များ၏ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျိုက်နှဲ ရေလယ်စေတီဆရာတော် ဦးဓမ္မထံ ကွယ်လွန်သူများအားရည်စူး၍ အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။