ဟိုင်းကြီးကျွန်းမြို့နယ် မြန်မာ့ပင်လယ်ပြင်အတွင်း စက်ချို့ယွင်းမှုဖြစ်ပွားခဲ့သည့် ငါးဖမ်းစက်လှေမှ လှေသားများအား ကူညီကယ်ဆယ်
နေပြည်တော်၊ ဒီဇင်ဘာ - ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာနေ ဦးဖိုးဇော်ပိုင်ဆိုင်သည့် အောင်သစ္စာ အမည်ရှိ ငါးဖမ်းလှေသည် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၈ ဒသမ ၅ မိုင် အနီး၌ စက်ချို့ယွင်းမှုကြောင့် ပုလဲကျောက်တန်းပေါ်သို့တင်၍ တိမ်းစောင်းမှု ဖြစ်ပွားနေကြောင်း သတင်းအရ တပ်မတော်(ရေ)မှ တပ်မတော်သားများက စစ် ရေယာဉ်ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးသည်။
အဆိုပါ စက်လှေတွင် လှေသား ၂၆ ဦးပါဝင်ပြီး ၎င်းတို့ကို စစ်ရေယာဉ်ဖြင့် သွားရောက်ကယ်ဆယ်ခေါ်ဆောင်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးသည်။ ထို့ပြင် တပ်မတော်သားများက ငါးဖမ်းစက်လှေမှ ပစ္စည်းများအား ကူညီရွှေ့ပြောင်းပေးပြီး လှေသားများအား သက်ဆိုင်ရာနေရာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိသည်။