ဟိုင်းကြီးကျွန်းမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း  လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ကင်းမွန်လှေ ၁ စီး ရေဝင်နစ်မြုပ် လျက်ရှိကြောင်း သိရှိသဖြင့် သွားရောက်စစ်ဆေးရာ ဖေဖော်ဝါရီ ၈ ရက်မွန်းလွဲ ၄ နာရီခွဲခန့်တွင် ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက်ရေမိုင် ၁၁ မိုင်ခွဲခန့် အကွာသို့အရောက်၌ ရေဝင်နစ်မြုပ်နေသည့် အောင်သစ္စာ-၄ အမည်ရှိ ဒေသခံ ငါးဖမ်းလှေ ၁ စီးအား တွေ့ရှိရပြီး လှေပေါ်ရှိ လှေသား ၁၈ ဦးအား ကူညီကယ်ဆယ်ပေးခဲ့သည်။

 အဆိုပါ လှေသားများအား ရေယာဉ်ပေါ်သို့ တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း စသည့်ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။