ဟံသာဝတီယူနိုက်တက်အသင်း AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်ကိုတက်ရောက်နိုင်လျှင် တွေ့ဆုံရ မည့်ပြိုင် ဘက်များကိုလေ့လာခြင်း

ယခုရာသီမှာ ပဲခူးမြို့အခြေစိုက် ဟံသာဝတီယူနိုက်တက်အသင်းက အာရှအဆင့် AFC Cup ဝင်ခွင့်ကိုရရှိထား တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက်အသင်းက ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ဒုတိယနေရာရပ်တည်နိုင်ခဲ့လို့    အာရှအဆင့်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး AFC Cup ကို Play-Off အဆင့်က စတင်ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပထမအဆင့်ခြေစစ်ပွဲမှာ လာအိုကလပ် လာအိုတိုယိုတာနဲ့ ဘရူနိုင်းကလပ် ကာဆူကာအသင်း တို့ပွဲမှ အနိုင်ရပြီးတက်လာတဲ့အသင်းနဲ့   ဟံသာဝတီယူနိုက်တက်အသင်း  ရင်ဆိုင်ရမှာပါ။

Play-Off အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ AFC Cup အုပ်စုအဆင့်ကို  ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပြီး  အုပ်စုအဆင့်ကိုတက်ရောက်နိုင်ဖို့ အလားအလာကောင်းတွေပိုင်ဆိုင်ထားပြီး  ဟံသာဝတီယူနိုက်တက်အသင်း ခြေစစ်ပွဲအောင်ခဲ့ရင် တွေ့ဆုံရမယ့်အသင်းတွေကလည်း  ထွက်ပေါ်နေခဲ့ပြီဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက်အသင်းက 2021 AFC Cup အုပ်စု (G)မှာ ဗီယက်နမ်ကလပ် ဟနွိုင်းအသင်း၊ ကမ္ဘောဒီးယားကလပ် ဘွန်းကတ်အန်ကောအသင်း၊ အင်ဒိုနီးရှားကလပ်  ဘာလီယူနိုက်တက်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ဟံသာဝတီယူနိုက်တက်အသင်းရဲ့ ပထမဆုံး အာရှအဆင့်ပြိုင်ပွဲမှာ ခက်ခဲတဲ့အုပ်စုအတွင်း ကျရောက်နေ တယ်လို့ဆိုနိုင်ပြီး အုပ်စုတွင်းပြိုင်ဘက်တွေကို   ပရိသတ်တွေလေ့လာကြည့်နိုင်ပါတယ်။

ဟနွိုင်းအသင်း(ဗီယက်နမ်ကလပ်)

ဗွီလိဂ်ရဲ့ အင်အားကြီးကလပ်အသင်းဖြစ်တဲ့ ဟနွိုင်းအသင်းက ၂၀၂၀ ဗွီလိဂ်မှာ  အဆင့်(၂)နေရာနဲ့ ရာသီသိမ်း ခဲ့တဲ့ အသင်းဖြစ်ပြီး ချန်ပီယံဗီယက်တဲလ်နဲ့ နှစ်မှတ်သာကွာဟခဲ့တာဖြစ်ပါတယ်။ ဟနွိုင်းအသင်းက    ဗီယက်နမ် ရှုံးထွက်ဖလားဖြစ်တဲ့  ၂၀၂၀ ဗီယက်နမ်နေရှင်နယ်ဖလားရဲ့ ချန်ပီယံဖြစ်ပါတယ်။

AFC Cup အတွေ့အကြုံများစွာရှိပြီး 2019 AFC Cup Inter-zone Play-off ဗိုလ်လုပွဲအထိ တက်ရောက် ထားနိုင်တဲ့ ဟနွိုင်းအသင်းကို မြန်မာပရိသတ်တွေ ရင်းနှီးနေပါတယ်။ ဗွီလိဂ်မှာ ချန်ပီယံ ငါးကြိမ် ရထားဖူးတဲ့ ဟနွိုင်းအသင်းက ဗီယက်နမ်လက်ရွေးစင်အသင်းရဲ့ အဓိကကစားသမားအများစုနဲ့ ဖွဲ့စည်းထားသလို  နယ်သာလန်ကလပ် SC Heerenveen မှာ အငှားသွားကစားခဲ့ဖူးတဲ့ အာဆီယံလူငယ် အကောင်းဆုံး ကစား သမားဆုရှင် ဗီယက်နမ် ဘယ်နောက်ခံကြယ်ပွင့် ဒိုအန်ဗန်ဟောင်၊ အာရှမှာ ထိပ်တန်းအဆင့်ခြေစွမ်းပြ ထားနိုင်တဲ့ ကွင်းလယ်ကစားသမား ငုယင်ကွင်ဟိုင်တို့လည်းရှိနေလို့ ဒီအုပ်စုမှာတော့  အင်အားအတောင့် တင်းဆုံး    အသင်းတစ်သင်း ဖြစ်ပါတယ်။

ဟနွိုင်းအသင်းက ဂိုးသွင်းကောင်းတဲ့ ဘရာဇီးလ်တိုက်စစ်မှူးတွေဖြစ်တဲ့ ဘရူနို၊ ဂျီရိုဗာနီမက်ဂ်နိုတို့ကို   အားဖြည့်ခေါ်ယူထားခဲ့သလို ဟနွိုင်းအသင်းခေါင်းဆောင် တိုက်စစ်မှူး  ငုယင်ဗန်ကျုရတ်ကလည်း ၂၀၂၀ ဗီယက်နမ်နိုင်ငံရဲ့ ရွှေဘောလုံးဆုကို ရရှိထားပါတယ်။

ဗီယက်နမ်ရဲ့မြို့တော် ဟနွိုင်းမြို့အခြေစိုက်တဲ့ ဟနွိုင်းအသင်းရဲ့ကစားပုံက အာဆီယံအဆင့်မှာတော့ ထိပ်တန်း အဆင့်မှာရှိနေတာကြောင့်  ဟံသာဝတီယူနိုက်တက်အသင်း အခက်ခဲဆုံးအနေအထားနဲ့ ရင်ဆိုင် သွားရဖို့ရှိနေပါတယ်။

ဘာလီယူနိုက်တက်အသင်း (အင်ဒိုနီးရှားကလပ်)

မြန်မာပရိသတ်တွေရင်းနှီးကြတဲ့ လှပတဲ့   အင်ဒိုနီးရှားနိုင်ငံက   ဘာလီကျွန်းအခြေစိုက် အင်ဒိုနီးရှားလိဂ် အင်အားကြီးကလပ် ဘာလီယူနိုက်တက်အသင်းက အင်ဒိုလီဂါဝမ်းရဲ့ ၂၀၁၉ ရာသီ ချန်ပီယံအသင်း ဖြစ်ပါတယ်။

၂၀၂၀ လီဂါဝမ်းပြိုင်ပွဲကတော့ COVID-19 ရောဂါအခြေအနေကြောင့် ပြီးဆုံးအောင်မကျင်းပနိုင်ခဲ့ပါဘူး။ အင်ဒိုနီးရှား လက်ရွေးစင်ကစားသမားအများစုကို အခြေခံထားတဲ့ ဘာလီယူနိုက်တက်အသင်းက အာရှ အင်အားကြီး အီရတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ဘာဝနိုရီ၊ နယ်သာလန်ကွင်းလယ် ကစားသမား     မယ်ဗင်ပလတ်ဂျီတို့လို  အရည်အသွေးမြင့်ကွင်းလယ်ပိုင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်ပါတယ်။

အာဆီယံမှာ ပရိသတ်အားပေးမှုအမြင့်ဆုံးက အင်ဒိုနီးရှားဘောလုံးပွဲစဉ်တွေဖြစ်ပြီး အင်ဒိုကလပ်တွေက ကစားအားကောင်းကောင်းနဲ့   ယှဉ်ပြိုင်ကစားလေ့ရှိကြသလို   ခပ်မာမာတုံ့ပြန်ကစားတတ်တဲ့ အသင်းဖြစ်ပါ တယ်။ ဟံသာဝတီယူနိုက်တက်အသင်းအတွက်တော့ မာကျောတဲ့ပြိုင်ဘက်ဖြစ်မှာပါ။

ဘွန်းကတ်အန်ကောအသင်း (ကမ္ဘောဒီးယားကလပ်)

ဘွန်းကတ်အန်ကောအသင်းက ကမ္ဘောဒီးယားဘောလုံးလောကရဲ့ တိုးတက်လာတဲ့ ကလပ်အသင်း ဖြစ်ပါ တယ်။ ဘွန်းကတ်အန်ကောအသင်းက မြန်မာကလပ်တွေဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်း၊ မကွေးအသင်း၊   ရှမ်းယူနိုက်တက်အသင်းတို့နဲ့ ကစားဖူးတဲ့မှတ်တမ်းရှိပြီး ရှမ်းယူနိုက်တက်အသင်းကိုသာ တစ်ပွဲတည်းရှုံး ဖူးတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။

ကမ္ဘောဒီးယားလိဂ်ရဲ့ ချန်ပီယံဆုကို လေးကြိမ်ရရှိဖူးတဲ့ ဘွန်းကတ်အန်ကောအသင်းက ကမ္ဘောဒီးယား လက်ရွေးစင်တွေ၊  လူငယ်ကြယ်ပွင့်ကစားသမားတွေရှိနေပြီး  ၎င်းတို့နိုင်ငံရဲ့   တန်ဖိုးအရှိဆုံး ကစားသမား အဖြစ် သတ်မှတ်ခံရတဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး မတ်နိုရွန်ကိုလည်းရှိနေပြီး သတိထားရမယ့်  ကစား သမားဖြစ်ပါတယ်။ မတ်နိုရွန်အပြင်  ကမ္ဘောဒီးယားရဲ့ အတောက်ပဆုံးလူငယ်ကြယ်ပွင့်ဖြစ်တဲ့ တိုက်စစ်မှူး စီအန်ချန်သာကလည်း  အသင်းရဲ့အားကိုးရသူဖြစ်ပြီး  အရည်အသွေးမြင့်  ဂျပန်ကွင်းလယ် ကစားသမား တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဘွန်းကတ်အန်ကောအသင်းက  အုပ်စုတွင်းမှာ  ဟံသာဝတီယူနိုက်တက်အသင်းအတွက် ဟနွိုင်းအသင်းနဲ့ ဘာလီယူနိုက်တက်အသင်းတို့ထက် အနည်းငယ်ခက်ခဲမှု လျော့နိုင်တဲ့အသင်းလို့ ခန့်မှန်းနိုင်ပါတယ်။ ဟံသာဝတီ ယူနိုက်တက်အသင်းရဲ့ ပထမဆုံးနိုင်ငံတကာပြိုင်ပွဲကတော့ အုပ်စုကျပ်အတွင်းမှာ ကျရောက် နေပြီး အခက်ခဲဆုံး စိန်ခေါ်မှုတွေက စောင့်မျှော်နေပြီး 

နည်းပြချုပ်  ဦးမျိုးမင်းထွန်းရဲ့  AFC Cup အတွေ့အကြုံတွေက   အသင်းကိုရလဒ်ကောင်းတွေဖန်တီးပေးနိုင်ဖို့  ကူညီနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ဟံသာဝတီယူနိုက်တက်အသင်းရဲ့ ပထမဆုံး   AFC Cup ပြိုင်ပွဲက  အောင်မြင်မှုမရခဲ့ရင်လည်း ဖြေသာလို့ရနိုင်တဲ့ အနေအထားမှာရှိနေပြီး ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာ    ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းနေပါတယ်။

ကိုရဲ