အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကျောက်ဆည် PDF အကြမ်းဖက် အဖွဲ့ဝင်များအားလက်နက်/ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ

အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကျောက်ဆည် PDF အကြမ်းဖက် အဖွဲ့ဝင်များအားလက်နက်/ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ

 
နေပြည်တော်၊ မတ်လ ၁ ရက်

 
နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် CRPH၊ NUG နှင့် PDFအမည်ခံအကြမ်းဖက်အဖွဲ့ဝင်များမြို့/ရွာများတွင် လှုပ်ရှားသွားလာမှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက် အရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၂)၊ အိမ်အမှတ်(၇၂)၌ ကျောက်ဆည် PDF အကြမ်းဖက်အဖွဲ့၏ ဘဏ္ဏာရေးနှင့် ညှိနှိုင်းရေး တာဝန်ခံ တင်မောင်ထွေး(ခ)ရန်အောင်ထွေး(၄၂)နှစ်အား လက်ကိုင်ဖုန်း ၈ လုံး၊ ငွေကျပ် ၉၀ သိန်း၊ ပြောက်ကျားဝတ်စုံ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ တင်မောင်ထွေး ၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၁၄ ရက်တွင် အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၌ ဇင်မျိုးသူ(ခ)ညိုချော(၂၉)နှစ် အား လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကျောက်ဆည်မြို့၊ ဟန်မြင့်မိုရ်ကျေးရွာ၌ အောင်သူ(၃၃)နှစ်အား လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ချမ်းအေးသာဇံ မြို့နယ်၊ ၂၇ x ၂၈ လမ်းကြား၌ မေသန်း(၅၄)နှစ်အား လည်းကောင်း၊ ကျောက်ဆည် မြို့နယ်၊ တောင်ဦးကျေးရွာ၌ ချမ်းငြိမ်းအောင်(၃၅)နှစ်အား လည်းကောင်း ဖမ်းဆီးရမိ ခဲ့သည်။
တရားခံ တင်မောင်ထွေး၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၁၈ ရက်တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့သည် ဖမ်းဆီးရန်ကျန် သူရ(နဂါးနီ)ဦးစီးကျောက်ဆည် PDF အကြမ်းဖက်အဖွဲ့မှ စခန်းချနေထိုင်ခဲ့သော မြစ်သားမြို့နယ်၊ ဒရယ်ကောင်းကျေးရွာ ဝန်းကျင်တစ်ဝိုက်အား နယ်မြေရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီး လူနေတဲများအတွင်းမှ လက်လုပ်မိုင်း ၃၀ လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာအနီးတွင် လက်နက်/ခဲယမ်းများ သိမ်းဆည်း ထားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေခဲ့ရာ ဟန်မြင့်မိုရ် ကျေးရွာအနီး လှည်းလမ်းဘေးရှိ ချုံပုတ်အတွင်း၌ ဆာလာအိတ်များဖြင့် ထည့်သွင်း သိုဝှက်ထားသည့် KA-25 ၄ လက်၊ ကျည်အိမ် ၁၂ ခု၊ ၇.၆၂ ကျည် ၁,၀၀၀ တောင့်၊ လက်ပစ်ဗုံး ၃၄ လုံး၊ လွယ်ကြိုး ၂ ချောင်း၊ ယမ်းတောင့် ၁,၁၂၅ ချောင်း၊ ဒီတိုနေတာ ၄,၉၄၀ ချောင်းနှင့် TNT ယမ်းပြင်းမှုန့် ၁ အိတ်တို့အား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာ၌ ချစ်ပိုင်(၅၆)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ မြစ်သားမြို့နယ်၊ ကျွဲဆွဲကျေးရွာအနီး ၎င်းပိုင်ဆိုင်သော ယာခင်းအတွင်းမှ လက်လုပ်ပစ္စတို ၅ လက်၊ လက်လုပ်ရှော့တိုက်ဗုံး ၄ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
တင်မောင်ထွေး ၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာ၌ သိန်းလှိုင်ဝင်း(၃၂)နှစ်အား လည်းကောင်း၊ သိန်းလှိုင်ဝင်း၏ ထွက်ဆိုချက်အရ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုအုပ်စု၌ ကျော်ဆန်း (၃၉)နှစ်အား ယမ်းကြိုး ၃ ခွေ၊ ယမ်းပျော့ချောင်း ၅၇၀ ချောင်းနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ကျော်ဆန်း၏ ထွက်ဆိုချက်အရ ပုသိမ်ကြီးမြို့နယ်၊ ကြူဝန်းကျေးရွာ၌ ကျော်သူလင်း(၃၂)နှစ်နှင့် အုန်းချောကျေးရွာ၌ ခင်မျိုးစိန်(၄၅)နှစ်တို့အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံကျား ၇ ဦး၊ မ ၃ ဦးပေါင်း ၁၀ တို့အား KA-25 ၄ လက်၊ လက်လုပ်ပစ္စတို ၅ လက်၊ လက်လုပ်ရှော့တိုက်ဗုံး ၄ လုံး၊ ကျည်အိမ် ၁၂ ခု၊ ၇.၆၂ ကျည် ၁,၀၀၀ တောင့်၊ လက်ပစ်ဗုံး ၃၄ လုံး၊ လက်လုပ်မိုင်း ၃၄ လုံး၊ လွယ်ကြိုး ၂ ချောင်း၊ ယမ်းတောင့် ၁,၆၉၅ ချောင်း၊ ဒီတိုနေတာ ၄,၉၄၀ ချောင်း၊ ယမ်းကြိုး ၃ ခွေ၊ TNT ယမ်းပြင်းမှုန့် ၁ အိတ်၊ ငွေကျပ် ၉၀ သိန်း၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ LPDF အကြမ်းဖက်အဖွဲ့အား ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အောင်ကိုကို ဦးစီး စတင်ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလ၌ အောင်ကိုကို ဖမ်းဆီးခံရချိန်တွင် ဖမ်းဆီးရန်ကျန် ဖက်တီးမှ ဦးစီးဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် KDF အကြမ်းဖက်အဖွဲ့အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တင်မောင်ထွေးသည် KDF အကြမ်းဖက်အဖွဲ့၏ ဘဏ္ဏာရေးနှင့် ညှိနှိုင်းရေးတာဝန်ခံ အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ တင်မောင်ထွေး ၏ ထွက်ဆိုချက်အရ KDF အကြမ်းဖက် အဖွဲ့ဝင် များအား KIA နှင့် TNLA သောင်းကျန်းသူအဖွဲ့အစည်းများထံတွင် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းများ စေလွှတ်တက်ရောက်စေခဲ့ကြောင်း၊ သင်တန်းဆင်းအဖွဲ့ များမှ စဉ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာအနီးနှင့် သမန်းစာကျေးရွာအနီးတို့တွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
တရားခံ တင်မောင်ထွေး ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ လူမှုကွန်ရက်မှတစ်ဆင့် ပြည်တွင်း/ပြည်ပရှိအစွန်းရောက် NLD ထောက်ခံသူများထံမှ ငွေကြေးကောက်ခံခဲ့ကြောင်း၊ ၎င်းငွေများအား အကြမ်းဖက်သင်တန်း တက်ရောက်သူ များအား ပေးအပ်ခြင်း၊ လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ဝယ်ယူခြင်းနှင့် ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ သိမ်းဆည်းခံရသော ငွေကြေးများမှာ ထွက်ပြေးတိမ်းရှောင်စဉ် ကိုယ်ရေးကိုယ်တာ သုံးစွဲရန်အတွက် KDF အကြမ်းဖက်အဖွဲ့ဝင်များအား ပေးအပ်ခြင်းမပြုဘဲ ယူဆောင်လာခဲ့သော ကောက်ခံရရှိ ငွေများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိ လက်နက်/ ခဲယမ်းများအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် ဖမ်းဆီးရန်ကျန် CRPH အမည်ခံ အကြမ်းဖက်အဖွဲ့မှ မြင်းခြံမြို့နယ်၊ NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း အောင်မျိုးလတ် ၏ ချိတ်ဆက်ပေးမှုဖြင့် တင်မောင်ထွေး၊ မြင့်ဆွေနှင့် ဆံရှည်တို့ ၃ ဦးသည် ကျောက်မဲမြို့နယ်၊ နမ့်ခုန်ကျေးရွာရှိ မျိုးညွန့်ထံမှ သွားရောက် ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဇင်မျိုးသူ မှ လက်နက်/ခဲယမ်းများအား ပို့ဆောင်ပေးခဲ့ပြီး၊ ချစ်ပိုင်နှင့် အောင်သူတို့သည် ကျောက်ဆည်မြို့၊ ဟန်မြင့်မိုရ်ကျေးရွာ အနီးတွင် သိမ်းဆည်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ ၏ ထွက်ဆိုချက်အရ တင်မောင်ထွေး သည် သိမ်းဆည်းရမိ ဖောက်ခွဲရေးပစ္စည်းများအား ပုသိမ်ကြီးမြို့နယ်နေ ခင်မျိုးစိန်ထံမှ ကျော်သူလင်း အား ဝယ်ယူခိုင်းခဲ့ကြောင်းနှင့် ဖောက်ခွဲရေးပစ္စည်းများအား ကျော်ဆန်း၏ နေအိမ်၌ ခေတ္တသိမ်းဆည်းကာ သိန်းလှိုင်ဝင်း အား ကျောက်ဆည်မြို့၊ ဟန်မြင့်မိုရ် ကျေးရွာနေ အောင်သူထံ ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ မေသန်း သည် ကျောက်ဆည် ခရိုင်အတွင်း နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ရန် တင်မောင်ထွေး နှင့် တိုင်ပင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ KDF အကြမ်းဖက်အဖွဲ့၏ ဖောက်ခွဲဖျက်ဆီးရေးနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့မှုအနေဖြင့်
- ၂၀၂၁ခုနှစ်၊ မေလ ၂၃ ရက်တွင် အောင်ကိုကိုသည် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ ဝန်ထမ်းကွက်သစ်ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ တစ်ဦး၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် လည်းကောင်း။
- အောက်တိုဘာလ ၅ ရက်တွင် အောင်ကိုကို သည် စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာ၊ ရွာလယ်ဘုန်းကြီးကျောင်းအား လက်လုပ်ဗုံးဖြင့် လည်းကောင်း ပစ်ခတ်ခဲ့ကြောင်း။
- အောက်တိုဘာလ ၂၈ ရက်တွင် အောင်ကိုကိုသည် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ ဝန်ထမ်းကွက်သစ်ရပ်ကွက်နေ အပြစ်မဲ့ ပြည်သူတစ်ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ KDF အကြမ်းဖက်အဖွဲ့အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် လုပ်ကြံသတ်ဖြတ်မှု(၁)ကြိမ်နှင့် အကြမ်းဖက်ဖောက်ခွဲမှု(၂)ကြိမ်တို့အား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက် နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက် ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန် အပ်ပါသည်။