အကြမ်းဖက်လုပ်ရပ်များတိုက်ဖျက်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်
ကမ္ဘာ့နိုင်ငံအားလုံးတွင် တူညီသောဆန္ဒရှိကြသည်။ ၎င်းမှာ အကြမ်းဖက်အဖျက်သမားများကို လုံးဝလက်မခံခြင်းဖြစ်သည်။ အကြမ်းဖက် အဖွဲ့အစည်းများ ကင်းစင်နေမှလည်း ကမ္ဘာကြီးတည်ငြိမ်အေးချမ်းနေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအချင်းချင်း ပူးပေါင်းကာ အကြမ်းဖက်သမားများကို တိုက်ဖျက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်သမားများ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းကို သုံးသပ်ရလျှင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုကို လွန်လွန်ကျူး ကျူးပြုလုပ်ထားပြီး တိုင်းပြည်၏အာဏာကို NLD တစ်ခုတည်းက ထိန်းချုပ်ရန်လုပ်ဆောင်ရာမှ လုပ်ဆောင်ခွင့်မရှိသောအခါ အကြမ်းဖက်အဖျက်သမားများအဖြစ်သို့ ရောက်သွားခြင်းဖြစ်သည်။
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်သတ်မှတ်ထားသည့် NUG, CRPH, PDFအဖွဲ့များနှင့် အစွန်းရောက် NLD ပါတီဝင်များသည် ပြည်သူလူထုဆူပူအုံကြွမှုဖြစ်ပေါ်စေရန်လှုံ့ဆော်ခြင်း၊ အစိုးရယန္တရား လည်ပတ်မှုရပ်တန့်စေရန် CDM လှုပ်ရှားမှုများအား ကြိုးကိုင် စီစဉ်ခြင်း၊ အုပ်ချုပ်ရေးမှူးများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ၎င်းင်းတို့ပါတီအားမထောက်ခံသည့် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိသည်။ ထို့ပြင် ပြည်သူများသွားလာနေသော လမ်းတံတားများ၊ ဆက်သွယ်ရေး တာဝါတိုင်များကို အကြောင်းမဲ့ဖျက်ဆီးခြင်းများပြုလုပ်နေသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကျောက်ပြုတ်ကျေးရွာအုပ်စုနှင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ဟံသာဝတီ ကျေးရွာအုပ်စုတို့အားဆက်သွယ်ထားသည့် မြစ်သာမြစ်ကူး သံမဏိကြိုးတံတားအား စက်တင်ဘာ ၁၀ နံနက် ၆ နာရီခွဲအချိန်တွင် ဏီၤ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ထိုကြိုးတံတားမှာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၁၂၀၀၀ ကုန်ကျခံကာ ဒေသတွင်းလမ်းပန်းဆက်သွယ်မှုကောင်းမွန်၍ ကုန်စည်စီးဆင်းမှုများလျင်မြန်ကာ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။ တံတားတစ်ခုဖြစ်မြောက်ရေးမှာ အချိန်တိုအတွင်း တည်ဆောက်နိုင်ခြင်း မဟုတ်သော်လည်း ဖျက်ဆီးလိုက်သည်မှာ အချိန်တိုအတွင်းပျက်စီးသွားနိုင်သည်။
အဆိုပါအကြမ်းဖက်လုပ်ရပ်များမှာ NUG အကြမ်းဖက်အဖွဲ့၏စီစဉ်စေခိုင်းမှုများအရ PDF အကြမ်းဖက်သမားများ၊ အစွန်းရောက် NLD ပါတီဝင်များနှင့် ကြေးစားအဖျက်သမားများက လုပ်ဆောင်နေခြင်းဖြစ်သည်။ စက်တင်ဘာ ၉ ရက်နေ့အထိ အများပြည်သူ ဆိုင်ရာနေရာများအား ဗုံးဖြင့်တိုက်ခိုက်မှု ၂၃၉၀ ကြိမ်၊ အများပြည်သူဆိုင်ရာနေရာများအား လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၃၀၄ ကြိမ်၊ အပြစ်မဲ့ပြည်သူများအပေါ် လုပ်ကြံသတ်ဖြတ်မှုများကြောင့် ပြည်သူ (သံဃာခြောက်ပါးအပါ) ၇၉၉ ဦးသေဆုံးပြီး ၇၂၆ ဦး ဒဏ်ရာရရှိခဲ့သည်။ အစိုးရဌာနဆိုင်ရာအဆောက်အအုံများအား မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၃၈၆ ကြိမ်၊ အများပြည်သူဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ ဈေးများအား မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၃၁ ကြိမ်၊ အများပြည်သူဆိုင်ရာ လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးမှု ၁၇၂ ကြိမ်၊ ပညာရေးဆိုင်ရာအဆောက်အအုံ (စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ပညာရေးမှူးရုံး)များအား မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၄၀၆ ကြိမ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ကိုဗစ်ကာကွယ်ဆေးထိုးသည့်နေရာများအား အကြမ်းဖက်တိုက်ခိုက်မှု ၂၁ ကြိမ်၊ အများပြည်သူသုံးဆက်သွယ်ရေးတာဝါတိုင်များအား မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၆၈ ကြိမ် ကျူးလွန် ထားပြီးဖြစ်သည်။
စစ်ဘက်နှင့်မဆိုင်သည့် အရပ်သားများအပေါ် ကျူးလွန်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။ အထက်ပါစာရင်းများတွင် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ တပ်စခန်းများအား တိုက်ခိုက်မှုများကို ဖော်ပြမထားပါ။ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍဆိုင်ရာနေရာများ၊ အေးချမ်းစွာနေထိုင်လိုသည့် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများအား အကြမ်းဖက် တိုက်ခိုက်မှုများ၊ NLD ပါတီကိုမထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုများကို နိုင်ငံတကာ အသိုက်အဝန်းကလည်း လက်ခံနိုင်မည်မဟုတ်ပါ။ အထူးသဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့်နေရာများကို အကြမ်းဖက် တိုက်ခိုက်မှုပြုလုပ်ခြင်းသည် ဇီဝအကြမ်းဖက်မှုမြောက်ပြီး လွန်စွာလူမဆန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြစ်သည်။ NUG အကြမ်းဖက်အဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် အရေးပေါ်ကြေညာချက်ထုတ်ပြန်ကာ အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင်ရန်လှုံ့ဆော်ခဲ့သည်။
မည်သည့်လူ့အဖွဲ့အစည်း၊ မည်သည့်နိုင်ငံကမျှလက်မခံသည့် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်သမားများအား နိုင်ငံတကာတွင် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း နိုင်ငံတကာစံနှုန်းများနှင့် အညီ ထိရောက်ပြတ်သားစွာ အရေးယူဆောင်ရွက်နေပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အကြမ်းဖက်မှုများကိုတိုက်ဖျက်ရာ၌ အကြမ်းဖက်မှုကို မလိုလားသည့်ပြည်သူများက သက်ဆိုင်ရာနိုင်ငံအစိုးရများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြသလို မြန်မာနိုင်ငံ တွင် လည်းမိဘပြည်သူများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိ စေရေး ပိုမိုပူးပေါင်းပါဝင်ကြပါရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။