အကြမ်းဖက်သမားများက စာသင်ကျောင်းများအား လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီး

အကြမ်းဖက်သမားများက စာသင်ကျောင်းများအား လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဒီဇင်ဘာ ၂

အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုနှင့် တရားဥပဒေစိုးမိုး ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအတွက် ငွေကြေးထောက်ပံ့ကာ နောက် ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းမျာ နှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြား ၁၁၁ လမ်းပေါ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ မသင်္ကာဖွယ်အထုပ် တစ်ထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းရှေ့ ၁၁၁ လမ်းဘေး၌တွေ့ရသည့် အထုပ်အတွင်းမှ PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းနေစဉ် အဆိုပါနေရာနှင့် ၁၅ ပေ ခန့်အကွာမှ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၈ နာရီခွဲတွင် နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဝင်ပေါက်အနီး၌ အကြမ်းဖက်သူများထောင်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။ ထို့ပြင် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီခွဲတွင် အဆိုပါကျောင်းဝင်ပေါက် အနီး၌ လက်လုပ်မိုင်း တစ်လုံးတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းဝင်ပေါက်တံခါးအောက်၌ အကြမ်းဖက်သူများထောင်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ်ထား သော လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရပြီး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်းနှင့် ပေါက်ကွဲမှု ကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၇)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့ ဝင်ပေါက်အနီး ၌ မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ကျောင်းဝင်ပေါက်အနီး ခြံစည်းရိုးအပြင်ဘက်၌တွေ့ရသည့် အထုပ်အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားပြီး Keypad ဖုန်းဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းတစ်လုံးကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ပြီး ဆက်လက်စစ်ဆေးခဲ့ရာ ဝင်ပေါက်အနီးရှိ သစ်ပင်အောက်၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည့် အပိုင်းအစများ တွေ့ရှိရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။