နေပြည်တော်၊ ဇွန် - ၁၄
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်၊ အဝေးပြေးမော်တော် ယာဉ်ရပ်နားစခန်းရှိ သိန်းသန်းကဋေ ကားဂိတ်၌ ဇွန်လ ၁၂ ရက် နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်သမားများအား ထောက်ပံ့မည့် အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ အား ဖမ်းဆီးရမိကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ သိန်းသန်းကဋေကားဂိတ်၌ “ သီရိမေ စတိုး” အမည်ဖြင့် မသင်္ကာဖွယ် အသုံးအဆောင်ပစ္စည်းများ ရန်ကုန်မြို့မှ ပေးပို့ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စောင့်ဆိုင်းခဲ့ကြောင်း၊ ထိုသို့စောင့်ဆိုင်းနေစဉ် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာနေ သက်မှူးအောင် (၂၂)နှစ် (ဘ) ဦးကျော်ကျော်စိုး မောင်းနှင်ပြီး လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာနေ ကလဲမင်းမင်းဦး(ဘ)ဦးမောင်လေး လိုက်ပါလာသည့် Hijet အမျိုးအစား(အဖြူရောင်) ယာဉ်ရောက်ရှိလာပြီး ပစ္စည်းများကို တင်ဆောင်နေစဉ် စစ်ဆေးခဲ့ရာ အဝတ်အထည် (အဟောင်း) ၃၂ ဖာနှင့် အိတ်အသေး ၂ အိတ်၊ ဖိနပ်ဆိုဒ်စုံ ၁ ဖာ၊ ဆေးမျိုးစုံ ၇ ဖာ၊ လူသုံး ကုန်ပစ္စည်းမျိုးစုံ ၆ ဖာ၊ အခြားအသုံးအဆောင်ပစ္စည်း ၄ အိတ်နှင့် အထုတ် ၂ ထုတ်တို့အား တွေ့ရှိရမိခဲ့ကြောင်း၊ အသေးစိတ်စစ်ဆေးရာ အကြမ်းဖက်သူများထံ ထောက်ပံ့မည့် ပစ္စည်းများဖြစ်ပြီး အလှူငွေကောက်ခံရာမှ ရရှိသည့်ငွေဖြင့် Hijet အမျိုးအစား မော်တော် ယာဉ်အား ဝယ်ယူ၍ ယခုကဲ့သို့ လာရောက်ယူဆောင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း အခြားကူညီထောက်ပံ့မှုများကို နည်းမျိုးစုံဖြင့် ရယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
အထက်ပါအကြမ်းဖက်သောင်းကျန်းသူများအား ထောက်ပံ့မည့် ပစ္စည်းများ လာရောက်ယူဆောင်သူများအား ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ထိုကဲ့သို့ အဖွဲ့အစည်းအသီးသီးမှ အထောက်အပံ့ရယူမှုများကို သတင်းဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။