အကြမ်းဖက်အဖွဲ့များ၏ ဘာသာရေးအပေါ် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုများအား ထပ်မံဖြစ်ပွားမှုမရှိစေရေး တိုင်းရင်းသား ပြည်သူ လူထုတစ်ရပ်လုံးက အင်တိုက်အားတိုက် ပူးပေါင်းပါဝင်တားဆီးကြရန် မေတ္တာ ရပ်ခံ

အကြမ်းဖက်အဖွဲ့များ၏ ဘာသာရေးအပေါ် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုများအား ထပ်မံဖြစ်ပွားမှုမရှိစေရေး တိုင်းရင်းသား ပြည်သူ လူထုတစ်ရပ်လုံးက အင်တိုက်အားတိုက် ပူးပေါင်းပါဝင်တားဆီးကြရန် မေတ္တာ ရပ်ခံ

 
နေပြည်တော်၊ ဒီဇင်ဘာ - ၈

 
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများကို စတင်လုပ်ဆောင်ရန် စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို ဦးတည် လုပ်ဆောင်လျက်ရှိသည်။ ထို့သို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိရာ ဒေသခံပြည်သူများ၏ လမ်းပမ်းဆက်သွယ်ရေးနှင့် ကျန်းမာရေးကိစ္စရပ် များအပြင် ဘာသာရေးအရ ကိုးကွယ်ဆည်းကပ်လျက်ရှိသည့် ရဟန်းသံဃာ များကိုပင် အကြမ်းဖက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို နိုင်ငံရေးလက်နက် သဖွယ် အသုံးချလုပ်ဆောင်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ယနေ့အထိ ရဟန်းသံဃာ ၁၄ ပါး ပျံလွန်တော်မူခဲ့ပြီး အချို့ဒေသများတွင် ဘုန်းတော်ကြီးကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။
၎င်းအပြင် ဒီဇင်ဘာလ ၆ ရက်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လုံပီး သာသန ရက္ခိတာ ပရိယတ္တိသာသနာပြု စာသင်တိုက်ကျောင်းထိုင်ဆရာတော်၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဉာဏိကသည် ဖလမ်းမြို့ရှိ လုံပီးသာသနရက္ခိတာ ပရိယတ္တိသာသနာပြု စာသင်တိုက်သို့ ဖလမ်းမြို့နယ် လူငယ်သင်တန်းကျောင်းမှ ဒုဦးစီးမှူး ဦးချစ်စန်း မောင်းနှင်သည့် မော်တော် ယာဉ်ဖြင့် ဖလမ်းမြို့ရှိ ကျောင်းတိုက်သို့ ပြန်လည်ထွက်ခွာလာစဉ် လမ်းခရီး၌ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်ဖမ်းဆီးမှုကိုခံခဲ့ရသည်။ ထိုသို့ဖမ်းဆီးခြင်းခံထားရာမှ ယနေ့ညနေပိုင်းတွင် ဆရာတော်သည် ဖလမ်းမြို့ သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပြီး အတူလိုက်ပါခဲ့သည့် ဒုဦးစီးမှူး ဦးချစ်စန်း မှာ အကြမ်းဖက်သမားများ၏ ဆက်လက်ဖမ်းဆီးထားခြင်းကိုခံရကာ ပျောက်ဆုံးလျက်ရှိသည်။
အလားတူ ဒီဇင်ဘာ ၇ ရက် တမူးမြို့၊ မြို့မ(၁၄)ရပ်ကွက်၊ လုဗ္ဗနီကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါယမ အမှူးပြုသော သံဃာတော် ၃ ပါး နှင့် ကပ္ပိယ ၁ ဦးတို့သည် ကျောင်းတိုက်ပိုင် မော်တော်ယာဉ်ဖြင့် လှည်းဆိပ် ကျေးရွာရှိ အလှူမှ ပြန်လည်ထွက်ခွာလာစဉ် မွန်းလွဲ ၂ နာရီခန့်တွင် ချောင်းနက်ကြီးကျေးရွာအနီးသို့အရောက် PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှု ကြောင့် မော်တော်ယာဉ် ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ထို့အတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၌ သီတင်းသုံးလျက်ရှိသော တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တ ပညာဇောတ ကိုလည်း ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် သမားများက မော်တော်ယာဉ်နှင့်အတူ အကြမ်းဖက်မီးရှို့သတ်ဖြတ်ခြင်းအား လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲခွင့်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုများရှိသော်လည်း ဘာသာရေးနှင့်ပတ်သက်၍ ယခု ကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုမျိုး မည်သည့်နိုင်ငံတွင်မှ လုပ်ဆောင်မှုမရှိသည် ကို သတိပြုရန်လိုအပ်ပြီး ထိုသို့ဘာသာရေးနှင့်ပတ်သက်၍ အကြမ်းဖက်မှု များကိုလည်း လုပ်ဆောင်ရန်မသင့်ကြောင်း သတိပြုမိရန်လိုအပ်ပါသည်။ မိမိတို့နိုင်ငံအတွင်းရှိ မည်သည့်အဖွဲ့အစည်းမဆို ဘာသာရေးနှင့်ပတ်သက်၍ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ အပါအဝင် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ထပ်မံလုပ်ဆောင်ခြင်းမပြုရန် လေးနက်စွာ သတိပေးကြောင်းနှင့် ထိုကဲ့သို့ ဘာသာရေးအပေါ် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လာမှုကိုလည်း ထပ်မံဖြစ်ပွားမှုမရှိစေရေး တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြည့်အဝပူးပေါင်း၍ လက်တွဲတားဆီး ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ်ပါ သည်။