အကြမ်းဖက် လက်နက်မျိုးစုံ ကိုင်ဆောင်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်း ဆောင်မှုကို တိုက်ခိုက်လာသည့် ဆူပူ အကြမ်းဖက်သူများအား ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း

နေပြည်တော်၊ ဧပြီ - ၇

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်တွင် ဆူပူအကြမ်းဖက်သူများက ယနေ့ နံနက် ၅ နာရီခွဲခန့်မှစ၍ အတားအဆီးများဖြင့် လမ်းအား ပိတ်ဆို့ထားရှိကြောင်း သိရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများအား သွားရောက်ဖယ်ရှား ရှင်းလင်း ခဲ့သည်။

ထိုသို့အတားအဆီးများအား ဖယ်ရှား ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် နံနက် ၈ နာရီခန့်၌ ဆူပူအကြမ်းဖက်သူ အင်အား ၁၀၀ ဦးခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဟန့်တားနှောင့်ယှက်လာခဲ့သဖြင့် တာဝန်ထမ်းဆောင်မှုကို နှောင့်ယှက်ခြင်း မပြုလုပ်ရန်နှင့် လူစုခွဲရန် အကြိမ်ကြိမ် သတိပေး ပြောကြားခဲ့သည်။ ယင်းသို့ သတိပေး ပြောကြားခဲ့သော်လည်း ဆူပူအကြမ်းဖက်သူများ အနေဖြင့် လူစုမခွဲသည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂတ်စ်သေနတ်များ၊ တူမီးသေနတ်များ၊ လက်လုပ်ဗုံးများ၊ လက်လုပ်သေနတ်များ၊ လေးဂွများ၊ ဂျင်ကလိများ၊ ကျောက်ခဲများ၊ မီးပုလင်းများဖြင့် လူအင်အားသုံး၍ ရန်ပြု တိုက်ခိုက်လာခဲ့သဖြင့် ဆူပူအကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နှင့်အညီ လူစုခွဲခဲ့ရာ နေ့လယ် ၁ နာရီခွဲခန့်တွင် လူစုကွဲသွားခဲ့သည်။

    ထိုသို့ လူစုခွဲထိန်းသိမ်းစဉ် ဆူပူအကြမ်းဖက်သူများ အနက် ရှေ့ဆုံးမှ ဦးဆောင်သူ အမျိုးသား ၁၈ ဦးကို ၎င်းတို့ ကိုင်ဆောင်အသုံးပြုလာသည့် 12 bore ကျည်ဖြင့် ပစ်ခတ်ရသော လုပ်သေနတ် ၄ လက်၊ လက်လုပ်သေနတ် ၁၁ လက်၊ ဂတ်စ်သေနတ် ၁၂ လက်၊ တူမီးသေနတ် ၄ လက်၊ လက်လုပ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ 12 bore ကျည် ၄၁ တောင့်၊ မီးပုလင်း ၈ လုံး၊ ဝါယာကြိုး ၈ ခွေ၊ ဘထ္ထရီ ၁ လုံး၊ သတ္ထုဒိုင်း ၄ ခု၊ ဆူပူ အကြမ်းဖက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းရမိခဲ့သည်။

    ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူများ၏ ရန်ပြုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်အချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ထိခိုက်ဒဏ်ရာရရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အသက်အန္တရာယ် ဖြစ်စေနိုင်သည့် လက်နက်များအသုံးပြု၍ လက်နက်ကိုင် အကြမ်းဖက်သည့် (Insurrection) လုပ်ရပ်ဖြင့် အကြမ်းဖက် လာခဲ့သော်လည်း အဓိကရုဏ်း နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးရမိသူ ဦးဆောင်သူများအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ပါဝင် ပတ်သက်သူများကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိရေး  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။