အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းရယူခဲ့ရသည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ CRPH အမည်ခံ မတရားအသင်း၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည EAO များ တည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။

၂။ ၎င်းတို့အနေဖြင့် CRPH မတရားအသင်းနှင့် ၎င်းအသင်းနှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်အချို့၏ ထုတ်ပြန်ခဲ့သည့် အာဏာရှင်ဆန်သည့် ထုတ်ပြန်ချက်၊ ပြောကြားချက်တို့ အပေါ်တွင်လည်း ထပ်မံစိုးရိမ်လျက်ရှိပြီး ရောက်ရှိရာနေရာများ၌လည်း လုံခြုံရေး အာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝ အဆင်မပြေ ခက်ခဲမှုတို့နှင့် ရင်ဆိုင်နေရသဖြင့် မိမိတို့နေရပ်ဒေသ အသီးသီးသို့ ပြန်လာလိုသည့် ဆန္ဒများဖြစ်ပေါ်နေသည်ကို သတင်းရရှိပါသည်။

၃။ မိမိနေရပ်ဒေသအသီးသီးမှ စွန့်ခွာတိမ်းရှောင်နေရသူများသည်လည်း မိမိတို့နိုင်ငံသားများသာ ဖြစ်သဖြင့် ၎င်းတို့အနေဖြင့် တိမ်းရှောင်ရောက်ရှိနေရာများမှ မြန်မာနိုင်ငံရှိ ၎င်းတို့ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက စီမံဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ နေရပ်ဒေသအသီးသီးသို့ တိမ်းရှောင်နေရသူများ အနေဖြင့် အကြောင်းအရာ တစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထားသူများမှ အပ မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏ နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ အရေးယူမှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ပြည်ပရောက်နိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ