အချိုးကျကိုယ်စားပြုစနစ် Proportional Representation System (PR) အကြောင်း သိကောင်းစရာ စကားဝိုင်းဆွေးနွေးပွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြဝတီရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း ၍ မြန်မာနိုင်ငံ  ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ်  (Proportional Representation-PR) ပြောင်းလဲ ကျင့်သုံးနိုင်ရေး စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ဖြစ်ပါသည်။ အစီအစဉ်တွင်  ပါဝင်ဆွေးနွေး ရန်   ဖိတ်ကြားထားသူမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးဖြစ်ပါသည်။

အစီအစဉ်တင်ဆက်သူအဖြစ် ဦးကျော်ဆွေအောင်နှင့် ဒေါ်ဖြိုးထက်ထက်အောင် တို့က ဆောင်ရွက်ထားပါသည်။

အစီအစဉ်တင်ဆက်သူ- ကမ္ဘာ့နိုင်ငံအသီးသီးမှာ  သမ္မတရွေးကောက်ပွဲတွေ၊ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲတွေ၊  မြူနီစီပယ်ရွေးကောက်ပွဲတွေ၊ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲတွေကို ကျင်းပရာမှာ မိမိနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊  တည်ဆဲဥပဒေ၊ နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ၊ နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်း  အခြေအနေတို့အပေါ် မူတည်ပြီး  ရွေးကောက်ပွဲစနစ်တွေကို ရွေးချယ်ကျင့်သုံးကြောင်း     သိရှိရပါတယ်။

ရွေးကောက်ပွဲစနစ်   တစ်မျိုးတည်းကျင့်သုံးခြင်း၊    လွှတ်တော်တစ်ရပ်ကို ရွေးကောက်ပွဲစနစ်တစ်မျိုးစီ    ခွဲခြားကျင့်သုံးခြင်း၊ လွှတ်တော်တစ်ရပ်တည်းမှာ ကိုယ်စားလှယ်အရေအတွက်  ခွဲခြားပြီး ရွေးကောက်ပွဲစနစ်နှစ်မျိုး   ပေါင်းစပ်ကျင့်သုံးခြင်း၊ ကျင့်သုံးခဲ့တဲ့ရွေးကောက်ပွဲစနစ်တွေကို      ပြန်လည်သုံးသပ်ပြီး  ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်းစတဲ့ မိမိနိုင်ငံအခြေအနေနဲ့   လိုက်လျောညီထွေဖြစ်မယ့် ရွေးကောက်ပွဲစနစ်တွေကို  ကျင့်သုံးဆောင်ရွက်လေ့ရှိကြောင်း လေ့လာတွေ့ရှိရတဲ့အတွက်  ကမ္ဘာ့နိုင်ငံများမှာ ကျင့်သုံးတဲ့ ရွေးကောက်ပွဲစနစ်များနဲ့  နိုင်ငံအရေအတွက် မည်မျှရှိကြောင်း ပထမဦးစွာ ရှင်းပြပေးပါခင်ဗျား။

ဦးခင်မောင်ဦး-   ရွေးကောက်ပွဲစနစ်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ် အုပ်စု ၄ စုရှိပါတယ်။ ဗဟုအများစုကိုယ်စားပြုစနစ်အုပ်စု Plurality / Majority System ၊ အချိုးကျကိုယ်စားပြုစနစ်အုပ်စု Proportional Representation System ၊ ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ်  Mixed Member Proportional  Representation နဲ့ အခြားစနစ်အုပ်စု  Others System တို့ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။

ဗဟုအများစုကိုယ်စားပြုစနစ်အုပ်စုမှာ မဲအများဆုံးရသူအနိုင်ရစနစ် (First Past The Post-FPTP)၊  နှစ်ကျော့ပြန်စနစ် (Two  Round  System-TRS)၊ ကြိုက်နှစ်သက်မှုဦးစားပေးစနစ် (Alternative Vote-AV)၊     ကိုယ်စားလှယ်ဗဟိုပြုစနစ် (Block Vote-BV)၊  ပါတီဗဟိုပြုစနစ် (Party Block Vote-PBV) တို့ပါဝင်ကြောင်း သိရှိရပါတယ်။

အချိုးကျကိုယ်စားပြုစနစ်အုပ်စုမှာ  စာရင်းအလိုက်အချိုးကျကိုယ်စားပြုစနစ် (List PR)နဲ့ လွှဲပြောင်း၍ရသော တစ်မဲတည်းမဲပေးစနစ် (Single Transferable Vote- STV) တို့ပါဝင်ကြောင်း  သိရှိရ ပါတယ်။

ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ်အုပ်စုမှာ   ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ်   (Mixed Member Proportional Represen-tation-MMP)နဲ့   ပူးတွဲယှဉ်ပြိုင်စနစ် (Parallel System )တို့ဖြစ်ကြောင်း သိရှိရပါတယ်။

အခြားစနစ်အုပ်စုမှာတော့ လွှဲပြောင်း၍မရသော တစ်မဲတည်းမဲပေးစနစ်(Single Non  Transferable Vote-  SNTV)၊ ကန့်သတ်မဲပေးစနစ်(Limited  Vote- LV)နဲ့    ဦးစားပေးအချိုးကျစနစ် (Borda Count- BC)တို့ပါဝင်ပြီး နိုင်ငံအနည်းငယ်မှာကျင့်သုံးကြောင်း သိရှိရပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ဗဟုအများစုစနစ် ကျင့်သုံးတဲ့ နိုင်ငံပေါင်း ၇၄ နိုင်ငံ၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးတဲ့ နိုင်ငံပေါင်း ၁၁၁ နိုင်ငံနှင့် အခြားစနစ်များကျင့်သုံးတဲ့နိုင်ငံ ၈ နိုင်ငံရှိကြောင်း သိရှိရပါတယ်။

အစီအစဉ်တင်ဆက်သူ- ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ရော  ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဘယ်လိုရွေးကောက်ပွဲ စနစ်ကျင့်သုံးခဲ့သလဲ၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေအပေါ်မှာ ဆရာ့အမြင်နဲ့ သုံးသပ်ပေးပါခင်ဗျား။

ဦးခင်မောင်ဦး- ကျွန်တော်တို့မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ  အခြေခံဥပဒေအရ ကျင်းပတဲ့ ပါလီမန်ခေတ်ရွေးကောက်ပွဲများ၊ ၁၉၉၀ ပြည့်နှစ်၊  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ  ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့     ကြားဖြတ်ရွေးကောက်ပွဲတွေမှာ  မဲအများဆုံးရသူ အနိုင်ရတဲ့စနစ်  (First Past The Post-FPTP)စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ FPTP စနစ်ရဲ့  သဘောကတော့  မဲဆန္ဒနယ်တစ်ခုမှာ   ဆန္ဒမဲအများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ ရွေးကောက်တင်မြှောက်တဲ့     စနစ်ဖြစ်တဲ့အတွက် အနိုင်မရတဲ့ ကိုယ်စားလှယ်လောင်းများ ရတဲ့မဲတွေ အလဟဿ၊ အဟောသိကံဖြစ်ခြင်းနဲ့  ၎င်းတို့ကို ဆန္ဒမဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်များအတွက်    ကိုယ်စားပြုမှု  ပျောက်ဆုံးတဲ့သဘောကို     တွေ့ရှိရပါတယ်။

ဒါ့အပြင်  အနိုင်ရပါတီတစ်ခု ရရှိသောမဲနဲ့ ရရှိတဲ့ကိုယ်စားလှယ်နေရာမှာ အချိုးအစားကွာဟမှုများစွာရှိနေတာကို တွေ့ရှိရပါတယ်။

FPTP စနစ်နဲ့  ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေပေးတဲ့  မဲစုစုပေါင်းရဲ့ ၅၆.၇ ရာခိုင်နှုန်းရရှိတဲ့ပါတီဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ  ၇၈.၅ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ အလားတူ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း မဲဆန္ဒရှင်တွေပေးတဲ့   မဲစုစုပေါင်းရဲ့ ၅၇.၂ ရာခိုင်နှုန်းရရှိတဲ့ပါတီဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ  ၇၉ ရာခိုင်နှုန်းရရှိခဲ့သည်ကို  တွေ့ရှိရတဲ့အပြင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီပေါင်း ၉၀ ကျော်အနက် ၂၃ ပါတီသာ လွှတ်တော်မှာ နေရာရရှိခဲ့ပါတယ်။

လက်ရှိကျင့်သုံးနေတဲ့  FPTP စနစ်မှာ မဲဆန္ဒရှင်တွေပေးလိုက်တဲ့မဲတွေဟာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း အားလုံးထံသို့ ပျံ့နှံ့ရောက်ရှိသွားပေမယ့်  မဲအများဆုံးရရှိတဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကသာ အနိုင်ရရှိခြင်း ဖြစ်ပါတယ်။ အဆိုပါကိုယ်စားလှယ်လောင်းဟာ ၎င်းကို မဲမပေးခဲ့သူတွေ အပါအဝင်ဖြစ်တဲ့ မဲဆန္ဒရှင်အားလုံး ၁၀၀ % ကို ကိုယ်စားပြုသလိုဖြစ်ပြီး  အခြားကိုယ်စားလှယ်များ ရရှိခဲ့တဲ့မဲတွေက အလဟဿဖြစ်သွားတာ တွေ့ရပါတယ်။   ဒီစနစ်အရဆောင်ရွက် ရာမှာ အချို့မဲဆန္ဒနယ်တွေဆိုရင် ပါတီတစ်ခုမှ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆန္ဒရှင်အများစုရဲ့ ထောက်ခံမှု မရရှိခဲ့ပေမယ့် မဲအနည်းငယ်အသာဖြင့်  အနိုင်ရရှိသွားတဲ့သဘောကို တွေ့ရှိခဲ့ရပါတယ်။ ဥပမာအနေနဲ့  FPTP စနစ်ရဲ့  ဆန္ဒမဲရရှိမှု နမူနာပုံစံများကို     ပြသလိုပါတယ်။

ဒီနမူနာတွေကို ကြည့်ခြင်းအားဖြင့် ၅၀ % နဲ့ ၅၀ %  အောက်သာရရှိတဲ့ ကိုယ်စားလှယ်လောင်းများက မဲဆန္ဒနယ်တစ်ခုလုံးရဲ့ ကိုယ်စားပြုမှုရရှိတာဖြစ်လို့ အလဟဿ  အဟောသိကံဖြစ်သွားတဲ့ ဆန္ဒမဲများစွာရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ Total အချုပ်ဇယားကိုကြည့်ရင်လည်း ဆန္ဒမဲအားလုံးရဲ့ ၅၇ % ကသာ တန်ဖိုးနဲ့ သက်ရောက်မှုရှိပြီး  ကျန် ၄၃  % တန်ဖိုးနဲ့  သက်ရောက်မှုလုံးဝမရှိတာကို  တွေ့ရမှာဖြစ်ပါတယ်။     ဒါကြောင့် FPTP စနစ်နဲ့ ကျင်းပတဲ့  ရွေးကောက်ပွဲတွေမှာ  အနိုင်ရတဲ့လွှတ်တော်ကိုယ်စား လှယ်တိုင်းဟာ မှန်ကန်မျှတတဲ့ ကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ပါရဲ့လားလို့ မေးခွန်းထုတ်စရာ တွေ့ရှိရပါတယ်။

အစီအစဉ်တင်ဆက်သူ -  FPTP စနစ်မှာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံဆန္ဒမဲတွေဟာ  မျှတတဲ့ ကိုယ်စားပြုမှုမရနိုင်တာကို တွေ့ရတဲ့အတွက်   ကမ္ဘာ့နိုင်ငံအများစုမှာ ကျင့်သုံးနေတဲ့ အချိုးကျကိုယ်စားပြုစနစ် အကြောင်းကိုလည်း     မဲဆန္ဒရှင်များ သိရှိသွားအောင်      ရှင်းပြပေးပါခင်ဗျား။

ဦးခင်မောင်ဦး- အချိုးကျကိုယ်စားပြုစနစ်ဆိုတာ တစ်ဦးထက်ပိုတဲ့ကိုယ်စားလှယ်တွေ ရွေးဖို့အတွက် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာသတ်မှတ်တယ်။  အဲဒီမဲဆန္ဒနယ်ကနေ ရွေးကောက်တင်မြှောက်ရမယ့်  ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်ပါတယ်။ နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလများရရှိတဲ့  ဆန္ဒမဲအရေအတွက်အပေါ်မူတည်ပြီး  လွှတ်တော် ကိုယ်စားလှယ်နေရာတွေကို  အချိုးကျခွဲဝေရရှိနိုင်တဲ့ ရွေးကောက်ပွဲစနစ်တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး  ရရှိတဲ့ ဆန္ဒမဲအပေါ်မူတည်ပြီး   ရွေးကောက် တင်မြှောက်ခံရနိုင်ပါတယ်။

 မဲဆန္ဒရှင်တွေအနေနဲ့ သူတို့ပေးလိုက်တဲ့ မဲတွေဟာ  ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ကြောင်း   ယုံကြည်ပြီး စိတ်အားထက်သန်စွာ မဲပေးခြင်းကြောင့် မဲပေးနှုန်း (Voter turnout) ကိုလည်း မြင့်မားစေပါတယ်။ PR စနစ်အသုံးပြုတဲ့အတွက် အဟောသိကံ၊  အလဟဿဖြစ်တဲ့   မဲအရေအတွက်နည်းပါးသွားမှာ ဖြစ်ပါတယ်။ PR စနစ်ကြောင့် ပါတီတွေ ပိုမိုတိကျစွာ    ကိုယ်စားပြုနိုင်ခြင်း၊ တိုင်းရင်းသားပါတီများ၊ ပါတီငယ်များနဲ့ လူနည်းစုများ ပိုမိုရွေးကောက်ခံရနိုင်ခြင်းတို့ကြောင့် အများစုပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်လာနိုင်ပါတယ်။ ဥပဒေပြုအဖွဲ့များမှာလည်း ပါတီများက ကိုယ်စားလှယ်များ    ပိုမိုပါဝင်လာခွင့်ရရှိလာမှာဖြစ်တယ်။

အချိုးကျကိုယ်စားပြုစနစ်များစွာရှိတဲ့အနက် လေ့လာတွေ့ရှိချက်များအရ အဓိကပုံစံ ၂ မျိုးကို တွေ့ရှိရပါတယ်။ ပါတီအမည်ကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (Party List PR System-LPR) နဲ့ လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ် (Single Transferable Vote-STV)တို့ ဖြစ်ပါတယ်။  

 ဆက်လက်ဖော်ပြပါမည်။