အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၃

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရပြီး  ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့သည်။ ယခုအခါတွင် COVID-19 ရောဂါဖြစ်ပွားမှုကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ပြီဖြစ်သဖြင့် စာသင်ကျောင်းများအား ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့်  ကျောင်းပတ်ဝန်းကျင် သန့်ရှင်သာယာ လှပစေရေးအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများက အခြေခံပညာ ကျောင်း များ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှုများကို ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ တပ်မတော်သားများကလည်းကောင်း ကျောင်းဝင်းများအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊   အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ဆောင်များအား ဆေးများပြန်လည်သုတ်ပေးခြင်းနှင့် စာသင်ဆောင်များအတွင်း/အပြင် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။

ယင်းသို့  ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)