အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး အတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၁

   COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိသည်။

   ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြိ့ရှိ အခြေခံပညာ အထက်တန်းကျောင်း(နတ်စင်ကုန်း)၊ ကျောက်ကြီးမြို့၊ သံဘိုကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် အခြေခံပညာ မူလတန်းကျောင်း၊ မုံးမြို့၊ အမှတ်(၄)ရပ်ကွက်နှင့် ရှမ်းပိုင်းတို့ရှိ အခြေခံပညာ အလယ်တန်းကျောင်း၊ တုံတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ  တို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စာသင်ဆောင်များ အတွင်း၊ အပြင်သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။