နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင သန့်ရှင်းသာယာ လှပစေရေးအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာ ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ပလစ-၂)နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ သိင်္ဂါဂီရိရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတို့၌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ဆောင်များအား ဆေးများ ပြန်လည် သုတ်ပေးခြင်းနှင့် စာသင်ဆောင်များအတွင်း၊ အပြင်သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြတ်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။