အခြေခံပညာအထက်တန်းကျောင်းများနှင့် ပြည်သူ့ဆေးရုံများ သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မေ - ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ မိုင်းရယ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ မင်းလှမြို့၊ မိုးညိုမြို့၊ ဇီးကုန်းမြို့၊ အုတ်ဖိုမြို့များရှိ အခြေခံ ပညာကျောင်းများနှင့် ပြည်သူ့ဆေးရုံတို့၏ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး အတွက် ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များမှ နယ်မြေခံ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင် များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျောင်းဝန်းများနှင့် ပြည်သူ့ဆေးရုံများ အတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်း မြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများဖောက်လုပ်ပေးခြင်း၊ စာသင်ဆောင် အတွင်း၊ အပြင်သန့်ရှင်း ရေးပြုလုပ်ပေးခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ပြန်လည် ပြုပြင်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။