ဒေးဗစ်ဘက်ခမ်းသည် ၎င်းပိုင်ဆိုင်သည့် အမေရိကန်မေဂျာလိဂ် ဘောလုံးအသင်း အင်တာမီယာ မီအတွက် အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြဖြစ်သော မန်ယူခံစစ်မှူးဟောင်း ဖီးလ်နဗီးကို နည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း ဇန်နဝါရီ ၁၈ ရက်က အတည်ပြုကြေညာခဲ့သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)သည် ဖီးလ်နဗီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလက အင်္ဂလန် အမျိုးသမီးလက်ရွေးစင်အသင်း နည်းပြအဖြစ်ခန့်အပ်ခဲ့ပြီး ဇူလိုင်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ စာချုပ်ဖျက်သိမ်းပေးလိုက်သဖြင့် ဖီးလ်နဗီးသည် မန်ယူအသင်းဖော် ငယ်သူငယ်ချင်း ဒေးဗစ်ဘက်ခမ်း၏ အင်တာမီယာမီအသင်းကို နည်းပြခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ဘက်ခမ်းက “ကျွန်တော်နဲ့ ဖီးလ်နဗီးက မန်ယူအကယ်ဒမီမှာကတည်းက တွဲလာခဲ့တာပါ။ သူ့မှာ ခေါင်းဆောင်အရည်အသွေး ဘယ်လောက်ပြည့်ဝသလဲဆိုတာ အားလုံးသိကြတယ်။ ဒီအချိန်က ကျွန်တော့်အသင်းအတွက် သူနည်းပြပေးဖို့အချိန်တန်ပြီလို့ ယုံကြည်တာကြောင့် နည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ”ဟုပြောသည်။