အင်တာမီလန်အသင်း တိုက်စစ်မှူး လူကာကူအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၁ဝ၂ သန်း သတ်မှတ်

အင်တာမီလန်အသင်းသည်   ၎င်းတို့အသင်းမှ တိုက်စစ်မှူး လူကာကူကို ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁ဝ၂ သန်းပေးချေရမည်ဟု သတ်မှတ်ခဲ့ကြောင်း သိရသည်။

အင်တာမီလန် အသင်းသည် လူကာကူကို ၂ဝ၁၉ ခုနှစ်က မန်ယူအသင်းထံမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၇၅ သန်းဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။

လူကာကူသည် အင်တာမီလန်အသင်း၌ ခြေစွမ်းပြနိုင်ခဲ့ပြီး  ယခုဘောလုံး ရာသီတွင်လည်း  ပြိုင်ပွဲစုံ သွင်းဂိုး ၂၅ ဂိုး သွင်းယူနိုင်ခဲ့သည်အထိ  ခြေစွမ်းပြနိုင်ခဲ့သည့် အတွက်  ဥရောပ ထိပ်တန်းအသင်းကြီး အများစုက ၎င်းအား ခေါ်ယူရန် စောင့်ကြည့်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက  ရီးယဲလ်မက်ဒရစ် အသင်း၊ မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်း တို့က နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် ဒေါ့မွန်အသင်းမှ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ခြင်း မရှိပါက  ဒုတိယဦးစားပေးအဖြစ်  လူကာကူကို  အပြိုင်ကမ်းလှမ်း လာဖွယ်ရှိသောကြောင့်  အင်တာမီလန်အသင်းက လူကာကူအတွက် ပြောင်းရွှေ့ကြေး ကို စတာလင်ပေါင် ၁ဝ၂ သန်းအထိ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အင်တာမီလန်အသင်း တိုက်စစ်မှူး လူကာကူသည် ယခုဘောလုံးရာသီတွင်   အီတလီစီးရီးအေ ပြိုင်ပွဲ၌ စုစုပေါင်း ၁၉ ဂိုးအထိ သွင်းယူထားပြီး စီရော်နယ်ဒို ၏နောက်တွင်  ဒုတိယမြောက် သွင်းဂိုး အများဆုံး ကစားသမားအဖြစ်  ရပ်တည်လျက်ရှိကြောင်း  သိရသည်။