အင်းစိန်မြို့နယ်၊ သီရိရတနာ(၃)လမ်းတွင် အေးချမ်းစွာ နေထိုင်သည့် ပြည်သူများအား ဆူပူ အကြမ်းဖက်သူလူတစ်စုက အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်၊ အမရပူရမြို့နယ်နှင့် အောင်မြေသာစံ မြို့နယ်တို့၌ ဆူပူအကြမ်းဖက်သူများက ဥပဒေမဲ့လုပ်ရပ်များ ဆောင်ရွက်

နေပြည်တော်၊  မတ် - ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သီရိရတနာ(၃)လမ်း၊ တိုက်(၇၅)၊(ပ)ထပ်၊ အခန်း(၉)နေ ဦးစိုးသက်ပိုင်နှင့် ၎င်း၏ ဇနီးလောင်းဖြစ်သူ ဒေါ်အိရွှေစင်တို့ ၂ ဦးအား မတ် ၂၈ ရက် ည ၈ နာရီခွဲခန့်တွင် ဆူပူအကြမ်းဖက်သူလူတစ်စုက ဓာတ်ဆီလောင်း မီးရှို့ရန်ပြုလုပ် နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် ကမ်းနားအလယ်ရပ်ကွက်၊ ခေမာတောင်လမ်းထိပ်သို့ရောက်ရှိစဉ် ဆူပူအကြမ်း ဖက်သူ ၅၀ ဦးခန့်က လမ်းပိတ်ဆို့နှောင့်ယှက်ခဲ့သဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လူစုခွဲခြင်း များ ဆောင်ရွက်ခဲ့ရာ ည ၉ နာရီခန့်တွင် လူစုကွဲသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ည ၉ နာရီခွဲခန့်တွင် ဦးစိုးသက်ပိုင်၏ နေအိမ်သို့ ရောက်ရှိ စစ်ဆေးခဲ့ရာ နေအိမ်အတွင်း သော့ခတ်ပိတ်လှောင်ခံထားရသည့် ဒေါ်နွယ်နွယ်ဦး  (ဘ) ဦးလှသန်း (ဒေါ်အိရွှေစင်၏ မိခင်)၊ ဒေါ်အိရွှေစင်၏ သူငယ်ချင်းများဖြစ်ကြသည့် ဒေါ်ယမုံလှိုင် (ဘ)ဦးစောမိုးလှိုင်၊ ဒေါ်ရင်မာလင်း(ဘ)ဦးဆောင်ဟိုက်၊ ဒေါ်တင်သီတာဆွေ (ဘ) ဦးတင်လှ၊ ဒေါ်ဥမ္မာထွန်း(ဘ)ဦးတင်ထွန်းနှင့် ဒေါ်အိရွှေစင်၏ သမီးဖြစ်သူ မမေပိုးပန်းချီ(ဘ) ဦးပြည့်ဖြိုးဝင်း တို့အား တွေ့ရှိ ကယ်တင်နိုင်ခဲ့သည်။

ဒေါ်နွယ်နွယ်ဦး ၏ ပြောကြားချက်အရ ည ၇ နာရီခွဲခန့်တွင် နေအိမ်သို့ အမည်မသိ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦးတို့သည် မျက်နှာတွင် အဝတ်များစည်းလျက် တုတ်၊ ဓားများ ကိုင်ဆောင်ရောက်ရှိလာပြီး “ သူပုန်အားပေးတွေ မင်းတို့ကြောင့် လူတွေ အများကြီး သေနေတာ မင်းတို့ကို မီးရှို့သတ်မယ်” ဟုပြောဆိုကာ ဆန်ထိုးပိုက်ဖြင့် ဦးစိုးသက်ပိုင်၏ ဝဲလက်မောင်းအား ၁ ချက်၊ ဒေါ်အိရွှေစင်၏ ယာလက်ဖျံအား ၁ ချက်စီထိုးခြင်း၊ နေအိမ်အတွင်း  ပစ္စည်းများအား ရိုက်ချိုးဖျက်ဆီးခြင်း၊ ဒေါ်နွယ်နွယ်ဦး အပါ အမျိုးသမီး ၆ ဦးအား သော့ခတ် ပိတ်လှောင်ခြင်း၊ တိုက်ရှေ့တွင် ရပ်ထားသည့် ဦးစိုးသက်ပိုင် ၏ မော်တော်ယာဉ်လေကာမှန် အား ရိုက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ပြီး ဦးစိုးသက်ပိုင်နှင့် ဒေါ်အိရွှေစင်တို့အား လက်ပြန်ကြိုး တုတ်၊ မျက်နှာအဝတ်စည်းကာ ဓာတ်ဆီ ၃ ပုလင်းလောင်းချ၍ အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်းဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဖွဲ့များခွဲ၍ ရှာဖွေခဲ့ရာ မတ် ၂၉ ရက် နံနက် ၁ နာရီ ၅ မိနစ်ခန့်တွင် ဦးစိုးသက်ပိုင် အား ဝဲလက်မောင်းပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် ကျောင်းအနောက်ဘက် အိမ်သာအတွင်း၌ လည်း ကောင်း၊ ဒေါ်အိရွှေစင် အား ယာလက်ပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် ကျောင်းအုတ်တံတိုင်းထောင့်  တွင် လည်းကောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ပြင် နံနက် ၁ နာရီခွဲခန့်တွင် ဒေါ်အိရွှေစင်၏ ညီမဝမ်းကွဲ ဖြစ်သူ ဒေါ်ဇင်မိုးမြင့်အောင် (ဘ)ဦးအောင်ရွှေ နေထိုင်သည့် မြို့သစ်(က+ခ)ရပ်ကွက်၊ (က/၁) လမ်းရှိ တိုက်အမှတ် (၁၃)ရှေ့၌ ဆူပူအကြမ်းဖက်သူ ၅၀ ဦးခန့် ရောက်ရှိနေကြောင်း သိရှိရသဖြင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်လူစုကွဲခဲ့ရာ အသီးသီးလူစုကွဲသွားပြီး YGN-7C----Mark-2 (အဖြူရောင်) မော်တော်ယာဉ်ပေါ်မှ ဓားရှည် ၁ လက်အား သိမ်းဆည်းရမိခဲ့သည်။

 ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးစိုးသက်ပိုင်နှင့် ဒေါ်အိရွှေစင် ဖမ်းဆီး ခံရမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်လျက်ရှိရာ နံနက် ၂ နာရီခွဲခန့်တွင် အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်းအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသည့် ယဉ်ဌေး (ဘ)ဦးစံလှ၊ နောင်ဖြိုးလင်း (ဘ)ဦးမြင့်ရွှေနှင့် မျိုးသူဝင်း(ဘ)ဦးမျိုးခင် တို့အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်နေ ဦးမြင့်သိန်း နှင့် အောင်မြေသာစံမြို့နယ်၊ ၁၇ လမ်းနှင့် ၈၉ လမ်းနှင့် လမ်း ၉၀ ကြားနေ ဦးသန်းဦး တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များအား သတင်းပေးသူဟုဆိုကာ ယနေ့နံနက်ပိုင်းတွင် ဆူပူအကြမ်းဖက်သူများက ၎င်းတို့၏ နေအိမ်များအား မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ ကျောက်ခဲ ၊ လေးဂွများ၊ ကုံးသီးများဖြင့် ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လုပ်ထုံးလုပ်နည်းများနှင့်အညီ လူစုခွဲခြင်းလုပ်ငန်းများဆောင်ရွက်ရာ ဆူပူအကြမ်း ဖက် သူများထဲမှ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါဖြစ်စဉ်များတွင် မင်းမဲ့စရိုတ်ဆန်စွာ ပြုမှုခဲ့သည့် ဖမ်းဆီးရမိသူများ၊ ဦးဆောင်သူ များနှင့် ပါဝင်ပတ်သက်သူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။