အင်းစိန်မြို့ပတ်ရထားပေါ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးရထားရဲတပ်ဖွဲ့ထံမှ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များယူဆောင်သွားခဲ့သည့် လက်နက်/ခဲယမ်းများနှင့် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ် ၄
၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့တွင် မီးရထားရဲတပ်ဖွဲ့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၆ ဦး သည် လက်နက်/ခဲယမ်းများနှင့်အတူ အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန်မြို့ပတ် ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့အား အလုံဘူတာနှင့် ပန်းလှိုင် အကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက် ၄ လက် နှင့်ခဲယမ်းအချို့ကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားခံ များအား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် အကြမ်းဖက်သမားများ ယူဆောင်သွားသည့် လက်နက်/ခဲယမ်းများ ပြန်လည်ရရှိစေရေးအတွက် အပူတပြင်း ကြိုးပမ်းဖော်ထုတ်ခဲ့ရာ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် တက္ကစီယာဉ်အမှတ် 1H/6927 AD Van အမျိုးအစား အဖြူရောင်ယာဉ်နှင့် GG/ 6266 Fielder အမျိုးအစား ခဲရောင်တက္ကစီယာဉ်တို့အား ယာဉ်အမှတ် အတုများ ပြောင်းလဲ၍ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။ ထိုနောက် ယာဉ် အမှတ် 1H/6927 နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဝင်းထွဋ်နှင့်ဆက်စပ်သူများအားလည်း ကောင်း၊ ယာဉ်အမှတ် GG/ 6266 နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ကျော်ကျော်မင်းနှင့် ဆက်စပ်သူများအား လည်းကောင်း အသီးသီးဖော်ထုတ်ရရှိနိုင်ရေးဆောင်ရွက်မှုများနှင့် အခြား ရရှိ ဆက်စပ်သတင်းများအရ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်၊ ဒဂုံလွင်လမ်း၊ မဟာနွယ်လမ်းနှင့် ဇေယျသုခလမ်းထောင့်ရှိ တိုက်အမှတ်(၇)၊ အခန်း (၃၀၂) (ဘီ) အား ဝင်ရောက်ရှာဖွေခဲ့ရာ မသင်္ကာဖွယ် ၃ ဦး ဖြစ်သည့် ကျော်ဝင်းစိုး(ခ) ကျော်ကြီး (၃၃)နှစ် (ဘ)ဦးမောင်ရီ(ပခုက္ကူဇာတိ)၊ ကောင်းပြည့်စုံဦး (ခ)စိန်စိန်(ခ)ကတုံးမ(၂၇)နှစ်(ဘ) ဦး မောင်မောင်ဦး (မရမ်းကုန်း)၊ ဆန်းမင်းအောင် (၂၄)နှစ်(ဘ) ဦးကျော်စွာမင်း (ဒေးဒရဲ)တို့အား တွေ့ရှိ ထိန်းသိမ်းနိုင်ခဲ့သည်။
၎င်းတို့၏ ထွက်ဆိုချက်များအရ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့ကြသူများ ဖြစ်ကြောင်း သိရှိရပြီး ဆက်စပ်သတင်းအရ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ တိုက်(2/A)မှန်ခန်းသို့ ဆက်လက်သွားရောက်ရှာဖွေခဲ့ရာ မြတ်ဖြိုးပွင့်(ဘ) ဦးတင်ထွဋ်အား တွေ့ရှိခဲ့ပြီး အခန်းတွင်း အသေးစိတ်ရှာဖွေခဲ့ရာ ဂစ်တာအိတ် (၂) အိတ်အတွင်း ထည့်ထားသည့် လက်နက်(၄) လက်အား တွေ့ရှိခဲ့ပြီး ၎င်းလက်နက်များသည် မီးရထား ရဲတပ်ဖွဲ့ထံမှ ယူဆောင်သွားသော လက်နက်များဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။
၎င်းအပြင် တိုက်ခန်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဇေယျာဖြိုး(ခ)တရုတ်လေး (၃၂)နှစ်(ဘ)ဦးမြတ်နိုင်(ကြည့်မြင်တိုင်)အား ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ အဖွဲ့အား ဦးဆောင်ခဲ့သူ လင်းလင်း(ခ) နေလင်းထိုက်(ခ) ထဆင်ထူး(ခ) ဗိုလ်လပြည့်ဝင်း နေထိုင်သည့် ဒဂုံ(မြောက်)၊ မ-၁၅၀(၃၁)ရပ်ကွက်၊ ဇေယျဒီပ(၁)လမ်းအိမ်အား သွားရောက် ရှာဖွေခဲ့ရာ တွေ့ရှိခြင်းမရှိဘဲ စက်တင်ဘာ ၂ ရက် နေ့လည်ပိုင်းတွင် ၎င်း၏ သူငယ်ချင်းဖြစ်သူ မဥမ္မာ နေထိုင်သည့် စမ်းချောင်းသို့ထွက်ခွာ သွားကြောင်းသိရှိရသည့်အတွက် အဆိုပါနေအိမ် အား ထပ်မံရှာဖွေခဲ့ရာ ၎င်းနေအိမ်မှ တစ်ဆင့် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရပါသည်။
တရားခံများ၏ ထွက်ဆိုချက်များအရ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် များကို သိုဝှက်သိမ်းဆည်းထားသည့် အောင်ကြီး(တိမ်းရှောင်) နေထိုင်သည့် တိုက်(၄၄)၊ ရန်ကြီးအောင်လမ်း၊ မုန့်လက်ဆောင်းကုန်း(မြောက်)၊ စမ်းချောင်းသို့ သွားရောက်ထပ်မံ ရှာဖွေခဲ့ရာ Hytera စာတန်းပါအထိုင်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါ သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ကောင်းပြည့်စုံဦး သည် သင်္ဘောသား အလုပ်လုပ်ကိုင်နေရာမှ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ရန်ကုန်သို့ပြန်လာခဲ့ပြီး ၎င်း၏အဒေါ်ဖြစ်သူမှာ ဒေါ်မိုးမိုးစုကြည် (ရန်ကုန်တိုင်းဒေသကြီး၊ (လဝက)ဝန်ကြီးဟောင်း)အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ် ကြောင်း၊ ၎င်းနှင့် (ဇေယျာဖြိုး)၊ နေလင်းထိုက်၊ သီဟ၊ မိုးသူကြီး၊ ပုချေ အပါအဝင်(၂၅)ဦးခန့်ဖြင့် မတ်လ ၂၂ ရက်နေ့တွင် KNU တပ်မဟာ(၃)နယ်မြေ၌ အကြမ်းဖက်တိုက်ခိုက်ရေး သင်ခန်းစာ များကို သင်ကြားခဲ့ပြီး မေလ အတွင်းတွင် ရန်ကုန်သို့ပြန်လည်ရောက်ရှိခဲ့ကြကြောင်း၊ ဩဂုတ် ၁၀ ရက် နေ့လယ်ပိုင်းတွင် ဒဂုံ(မြောက်)နေအိမ်တွင် နေလင်းထိုက်မှ ဦးဆောင်ပြီး ကောင်းပြည့်စုံဦး၊ ကိုဇော်၊ ရှမ်းလေး၊ မဖြိုး၊ ဇေယျာဖြိုးအပါအဝင်(၁၅)ဦးခန့်မှ မီးရထား ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ် ကြရန် တိုင်ပင်ခဲ့ကြကြောင်း၊ ထိုသို့ တိုင်ပင်ခဲ့ရာတွင် ရထားပေါ်သို့ စောင့်ကြည့်လေ့လာ ရန်အတွက် ဆန်းမင်းအောင်(ဖမ်းမိ)၊ ကျော်ကြီး(ခ)ကျော်ဝင်းစိုး(ဖမ်းမိ)နှင့် ကိုရှိုင်း (ဖမ်းဆီးရန် ကျန်)(၃)ဦးမှ တာဝန်ယူပြီး ကောင်းပြည့်စုံဦး၊ နေလင်းထိုက်၊ ကိုဇော်၊ ရှမ်းလေး၊ အောင်ကြီး၊ ကျော်လေးတို့မှ ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ရန်တာဝန်ယူခဲ့ကြကြောင်း၊ ရထားမောင်းများကို သေနတ်ဖြင့် ချိန်ရွယ်ထိန်းသိမ်းရန်အတွက် နန္ဒ(ခ)ဂျာကြီးပါ (၃)ဦးမှ တာဝန်ယူခဲ့ကြကြောင်း သိရှိရသည်။
ဩဂုတ် ၁၄ ရက် ညနေပိုင်းတွင် မီးရထား ရဲများရှိရာ တွဲနံပတ်(၄)သို့ သွားရောက်ပြီး ဆန်းမင်းအောင်အပါအဝင်(၄)ဦးမှ သွားရောက်၍ အခြေအနေအား စောင့်ကြည့်ခဲ့ကြောင်း၊ ရှမ်းလမ်းဘူတာတွင် နေလင်းထိုက်နှင့် ရှမ်းလေး တို့တက်လာခဲ့ပြီး အလုံဘူတာမှ ပန်းလှိုင် ဘူတာသို့ ထွက်ခွာလာစဉ် ကြိုတင်တိုင်ပင်ထားသည့်အတိုင်း ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်၍ လက်နက်များအား နေလင်းထိုက်အဖွဲ့က ယူဆောင်၍ အငှားယာဉ်များဖြင့် လည်းကောင်း၊ ကောင်းပြည့်စုံဦး အပါအဝင် ၃ ဦးသည် ဟွန်ဒါစီဗစ်ယာဉ်ဖြင့်လည်းကောင်း၊ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
၎င်းတို့ထံမှ သိမ်းဆည်းရမိသည့် ဖုန်း Group တွင် ရေးသားထားမှုအရ ရဲတပ်ဖွဲ့ဝင်များ၏ သေနတ်များကို သိမ်းဆည်းရာတွင် လုံခြုံစိတ်ချစေရန် မောင်သော်(ခ)ဖြိုးဇေယျာသော်(NLD လွှတ်တော်အမတ်ဟောင်း)ထံ၌ သိမ်းဆည်းထားခဲ့ကြောင်း၊ ထို့နောက် ဇေယျာဖြိုးမှ ၎င်း၏ချစ်သူ မြတ်ဖြိုးပွင့် အားဖုန်းဖြင့် ဆက်သွယ်၍ လက်နက်များအား (နေမင်း)က လာပို့မည်ဖြစ်ကြောင်း၊ လက်နက်များလာပို့လျင် သိမ်းဆည်းထားရန် မှာကြားခဲ့သဖြင့် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် လက်နက်များထည့်လာသည့် ဂီတာအိတ်(၂)အိတ်ကို 2J/1902 Camery ခဲရောင်ကားဖြင့် သင်္ကန်းကျွန်းအိမ်သို့ လာရောက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များရှာဖွေသိမ်းဆည်းခြင်းခံခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားချိန်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏နေ့/ည မရပ်မနား အပင်ပန်းခံကြိုးစားခဲ့မှုများ၊ လူထုအတွင်း အမှန်တရားလိုလားသူများ၏ ဝိုင်းဝန်းကူညီပေးမှု များကြောင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လူမဆန်စွာဆိုးရွားယုတ်မာသော ဖြစ်စဉ် ဖြစ်ရပ်များကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဖြစ်စဉ်ပါ တိမ်ရှောင်နေသူများကိုလည်း ဆက်လက်ဖမ်းဆီးရမိနိုင်ရေး ၎င်းအဖွဲ့၏ကျူးလွန်ထားရှိသော ကွင်းဆက်ပြစ်မှုဖြစ်စဉ်များကို ဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူလူထု အနေဖြင့် ဝိုင်းဝန်းကူညီခြင်း၊ သတင်းပေးခြင်းများကိုဆောင်ရွက်ပေးနိုင်ကြပါရန် သတင်း ထုတ်ပြန်အပ်ပါသည်။