အင်းတိုင်တပ်နယ်မှ တပ်မတော်သားများက လသာမြို့နယ်ရှိ အမျိုးသားသွေးဌာနအတွက် စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမျိုးသားသွေးဌာန၌ သွေးမျိုးစုံ လိုအပ်လျက်ရှိကြောင်း ဆက်သွယ်လာသည့်အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အင်းတိုင် တပ်နယ်မှ တပ်မတော်သားများက ယနေ့နေ့လယ်ပိုင်းတွင် လှည်းကူးမြို့နယ်ရှိ နယ်မြေခံ တပ်မဌာနချုပ်၌ စုပေါင်းသွေး လှူဒါန်းကြသည်။
ထိုသို့ လှူဒါန်းရာတွင် အရာရှိ၊ စစ်သည်များ ၄၀ ဦးတို့က သတ်မှတ်နေရာ အသီးသီးတွင် စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်း နေမှုများကို အင်းတိုင် တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်မြင့်သန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကာ သွေးအလှူရှင်များ အတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသွေးဌာနမှ ဆရာဝန်များနှင့် သူနာပြုများအတွက် ရွှေဖီဦး လက်ဘက်ရည်ထုပ်များနှင့် စားသောက်ဖွယ်ရာများ၊ Mask၂၀၀ ခုနှင့် လက်သန့်ဆေးရည် ၆ ဘူးတို့ကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။