နေပြည်တော်၊ မေ - ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ စီမော်ကျေးရွာအုပ်စု၊ စီပိန်းကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ အရှည် ၂၈၀ ပေ၊ အကျယ် ၂၈ ပေ၊ အမြင့် ၁၅ ပေရှိ ကွန်ကရစ်အမျိုးအစား နန့်ဒရက်ချောင်းကူးတံတား အား ယနေ့နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က ဒေသန္တရ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏ ကြမ်းခင်းအလျား ၁၀ ပေ၊ အနံ ၅ ပေခန့်ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါတံတားပျက်စီးမှုဖြစ်ပွားခဲ့သည့် နေရာသို့ အင်းတော်မြို့နယ် လမ်းဦးစီး ဌာနမှ တာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည့်ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။