အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် NLD ပါတီမှ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း အောင်ကျော်ကျော်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
ဇူလိုင် - ၁၅
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲ့များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ နည်းလမ်းမျိုးစုံ အသုံး ပြုကာ အဖျက်အမှောင့်လုပ်ငန်းများနှင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက် ရှိသည်။ CRPH နှင့် NUG အဖွဲ့တို့၏ စေခိုင်းမှုဖြင့် ဆူပူအကြမ်းဖက် လုပ်ဆောင် နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံအားပေးသူများသည် အချို့ မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် အပြစ်မဲ့ပြည်သူများ အား ဒလန်ဟုစွပ်စွဲ သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အစိုးရပိုင် အဆောက် အဦများအား မီးရှို့ဖျက်ဆီးခြင်း စသည့်ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူပြီး ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အိုးအိမ်မှတ်တိုင်အနီး၌ လှိုင်မြို့နယ်၊ NLD ပါတီ လူငယ် အဖွဲ့ဝင်နှင့် လှိုင်မြို့နယ် PDF အဖွဲ့ဝင် ထက်အောင်မင်း၊ ၃၉ နှစ်၊ (ဘ) ဦးဘစိန်၊ လှိုင် မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင်(၄)လမ်း၊ အမှတ်(၅၃) နေသူအား ဖမ်းဆီးရမိခဲ့သည်။ တရားခံ ထက်အောင်မင်း၏ ထွက်ဆိုချက်အရ NLD ပါတီ၏ လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း အောင်ကျော်ကျော်ဦးမှ ပစ္စတိုကျည်အိမ်နှင့် ကျည်ဆံ များဝယ်ယူရန် စေခိုင်းခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ကွင်းဆက်တရားခံအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၎င်းနေ့၊ နေ့လယ်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၊ သဇင်မြိုင်လမ်း၊ အိမ်အမှတ်(၇၉၆)၌ အောင်ကျော်ကျော်ဦး၊ ၄၆ နှစ်၊ (ဘ)ဦးထွန်းရွှေနှင့် ၎င်း၏ဇနီး ခင်မိုးမြင့်လှိုင်၊ ၃၈ နှစ်၊ (ဘ)ဦးစန်းလှိုင်တို့အား Retay X Treme ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၂၅ တောင့်၊ မောင်ဝင်းကျော်အမည်ဖြင့် ပြုလုပ်ထားသော မှတ်ပုံတင်အတု ၁ ခု အပါအဝင် လက်နက် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ အောင်ကျော်ကျော်ဦးနှင့် ထက်အောင်မင်းတို့၏ ထွက်ဆိုချက်အရ ၎င်းနေ့ နေ့လယ်တွင် ဒါရိုက်တာ ဏကြီး(ခ)ဉာဏတင်ဦး ပိုင်ဆိုင်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၃)ရပ်ကွက်၊ ပင်လုံလမ်း၊ ရွှေကြာယံအိမ်ရာရှိ Pinlel Film Production Studio အား သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ Studio မန်နေဂျာ စိုးအုပ်ပိုင်(ခ)ဆံရှည်၊ ၄၀ နှစ်၊ (ဘ)ဦးမြတ်သူ၊ ဖြိုးအောင်ကျော်၊ ၃၁ နှစ်၊ (ဘ)ဦးတောက်ထိန်၊ အောင်ပိုင်ဖြိုး၊ ၂၅ နှစ်၊ (ဘ)ဦးဆန်းထွန်း၊ စည်သူကျော်၊ ၂၆ နှစ်၊ (ဘ)ဦးကျော်မိုးခိုင်၊ လင်းထက်အောင်၊ ၂၁ နှစ်၊ (ဘ)ဦးမောင်မောင်စိန်တို့အား ပွိုင့်-၂၂ သေနတ် ၁ လက်၊ နှစ်လုံးပြူးသေနတ် ၁ လက်၊ ခဲသီးဖြင့်ပစ်ရသော သေနတ် ၁ လက် အပါအဝင် လက်နက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ၎င်းနေ့၊ နေ့လယ်တွင် ကွင်းဆက်တရားခံဖြစ်သည့် မျိုးကျော်သူ(ခ) ကိုမျိုး၊ ၃၃ နှစ်၊ (ဘ) ဦးချစ်ထွေး၊ မင်္ဂလာဒုံမြို့နယ်၊ (၂/၁)တိုးချဲ့ရပ်ကွက်၊ နီလာလမ်း၊ အမှတ်(၂၇၄)နေသူအား မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ပြည်လမ်း၊ IT စားသောက် ဆိုင်ရှေ့တွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး မျိုးကျော်သူ(ခ)ကိုမျိုး၏ ထွက်ဆိုချက်အရ မင်္ဂလာဒုံ မြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ နွယ်ခွေကျေးရွာ၊ အမှတ်(၃)ဆက်သွယ်လမ်း၊ ခြံအမှတ် (၂၁)ရှိ Princess KTV နှင့် The King Beauty Spa သို့ သွားရောက် စစ်ဆေး ရှာဖွေခဲ့ရာ Princess KTV နှင့် The King Beauty Spa ပိုင်ရှင် ထွန်းသက်ဦး၊ ၅၁ နှစ်၊ (ဘ)ဦးကျော်မြင့်၊ တင်ထွန်းဦး၊ ၃၀ နှစ်၊ (ဘ)ဦးအေးသိန်း၊ အောင်ထက်ပိုင်၊ ၂၅ နှစ်၊ (ဘ)ဦးဝင်းနိုင်၊ ချစ်လင်းနိုင်၊ ၂၄ နှစ်၊ (ဘ)ဦးစန်းအောင်၊ နေနေအောင်၊ ၂၆ နှစ်၊ (ဘ) ဦးစစ်မောင်၊ အောင်ကိုဦး၊ ၃၃ နှစ်၊ (ဘ)ဦးလှမိုးတို့အား လက်လုပ်မိုင်း ၁၀ လုံး၊ NLD ပါတီအလံ ၂ ခု၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ် ၂.၄ ကီလိုဂရမ် အပါအဝင် လက်လုပ်မိုင်းဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံရှာဖွေ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ Princess KTV နှင့် The King Beauty Spa ၌ လက်လုပ်မိုင်း အပါအဝင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် တရားခံများအနက် အောင်ထက်ပိုင်နှင့် ချစ်လင်းနိုင်တို့သည် ဇူလိုင်လ ၉ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ (၁/က) ရပ်ကွက်၊ ခရေပင်လမ်းရှိ မင်္ဂလာဒုံလျှပ်စစ်ဓာတ်အားပေးရေး ရုံးအား လက်လုပ်မိုင်းနှင့် ပစ်ခတ်ဖောက်ခွဲခဲ့သူများဖြစ်ကြောင်း သိရှိရသည်။
တရားခံ ထွန်းသက်ဦး၏ ထွက်ဆိုချက်အရ ၎င်းပိုင်ဆိုင်သည့် မှော်ဘီမြို့နယ်၊ ဘွတ်ကြီးကျေးရွာအုပ်စု၊ ရဲစုမြောက်ရပ်ကွက်၊ အောင်ရတနာလမ်းရှိ ဂိုဒေါင်သို့ သွားရောက် စစ်ဆေးရှာဖွေခဲ့ရာ M-16 သေနတ် ၁ လက်၊ Pen Gun ၆ လက်၊ Shot Gun အတို ၁ လက်၊ MG-1 အမျိုးအစား လက်ပစ်ဗုံး ၃ လုံး၊ 94 အမျိုးအစား လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၆၉၂ တောင့် အပါအဝင် လက်နက်ခဲယမ်းဆက်စပ် ပစ္စည်းများအား ထပ်မံရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ထက်အောင်မင်း၏ စစ်ကြောထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် နေ့လယ်တွင် သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ အနော်မာ(၁၃)လမ်းအနောက်၊ အမှတ်(၅၃၇)၊ (၄)လွှာတွင် နေထိုင်သော ခိုင်ဇာတင်ဦး(ခ) ခိုင်ဇင်ဦး၊ အသက်(၃၆)နှစ်အား ပွိုင့်-45 ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပွိုင့် ၃၈၀ ကျည်ဆံ ၅၅ တောင့်၊ ချိန်ကိုက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ အောင်ကျော်ကျော်ဦး ခေါင်းဆောင်၍ဖွဲ့စည်းခဲ့သော လှိုင်မြို့နယ်၊ PDF အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွင်း လှိုင်မြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး၏ဆိုင်အား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲမှု၊ လှိုင်မြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနေအိမ်အား လက်လုပ်မိုင်းဖြင့်ပစ်ခတ်ဖောက်ခွဲမှု၊ လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ် ဖောက်ခွဲမှု၊ လှိုင်မြို့နယ်၊ ဘူတာရုံလမ်းထိပ်တွင် ဖောက်ခွဲမှု၊ လှိုင်မြို့နယ်၊ လျှပ်စစ်ရုံးအား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲမှု၊ လှိုင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ပြည်သူတစ်ဦး၏ နေအိမ်အား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲမှု စသည့်အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှု (၆)ကြိမ်အား ကျူးလွန်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ ထို့အပြင် လှိုင်မြို့နယ်၊ အမှတ် (၁၃)ရပ်ကွက်၊ (၁၀)လမ်းထိပ်ရှိ အာရုဏ်ဦးလက်ဖက်ရည်ဆိုင် ပိုင်ရှင်ကိုလည်း ဒလန် အဖြစ်စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
အလားတူ တရားခံ ထွန်းသက်ဦး ဦးဆောင်ပါဝင်ခဲ့သော မင်္ဂလာဒုံမြို့နယ်၊ PDF အဖွဲ့သည်လည်း ထောက်ကြန့်မြို့ရှိ အမှတ်(၁၂)အခြေခံပညာအလယ်တန်း ကျောင်း(အထကခွဲ)အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲမှု၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်အား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲမှု၊ မင်္ဂလာဒုံမြို့နယ်၊ လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲမှု စသည့်အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက်မှု(၃)ကြိမ် ကျူးလွန်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်တစ်ခုလုံးတွင် M-16 သေနတ် ၁ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ ပွိုင့် ၂၂ ၁ လက်၊ ပွိုင့် 45 ပစ္စတို ၁ လက်၊ Pen Gun ၆ လက်၊ နှစ်လုံးပြူး ၁ လက်၊ Shot Gun ၁ လက်၊ ခဲသီးသေနတ် ၁ လက် စုစုပေါင်း လက်နက် ၁၃ လက်၊ တရားခံ ၁၆ ဦး၊ ခဲယမ်း၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိခဲ့သော NLD ပါတီမှ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်း အောင်ကျော်ကျော်ဦးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အဖျက်လုပ်ငန်း နှင့် လုပ်ကြံသတ်ဖြတ်ရေး ဦးဆောင်ကော်မတီတစ်ခုဖြစ်သည့် People’s Security Committee-PSC တွင် ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ပြီး လှိုင်မြို့နယ်အတွင်း ဗုံး ဖောက်ခွဲမှုနှင့် သတ်ဖြတ်မှုများကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှု များကို လည်းကောင်း နောက်ကွယ်မှ အဓိကထောက်ပံ့စေခိုင်းသူဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်မည့် တရားခံများ အား ကြိုတင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီး သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။