မန်ချက်စတာ၊ ဘောလုံး
မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိအသင်း ရာသီအစပိုင်း ရလဒ်များ ဆိုးရွားခဲ့ချိန် အဆင့် (၁၂) နေရာသို့ ရောက်နေစဉ် ယူရိုပါလိဂ်ဝင်ခွင့်ကိုသာ အဓိကပစ်မှတ်ထားခဲ့ကြောင်း ပြောသည်။ လက်ရှိတွင် မန်စီးတီး အသင်းသည် ဖေဖော်ဝါရီ ၃ ရက်ညက ဘန်လေကို အဝေးကွင်း၌ အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ် ၁၃ ပွဲဆက်တိုက် အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာသို့ ပြန်လည်တက်ရောက်နိုင်ခဲ့သည်။
ဂွါဒီယိုလာက “ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေကြတာပါ။ တခြားအသင်းတွေ အကြောင်း သွားတွေးရင် ကြီးမားတဲ့အမှားအယွင်းတစ်ခုကို လုပ်တာနဲ့အတူတူပါပဲ။ ကျွန်တော်တို့ အဆင့် (၁၂) နေရာ ရောက်နေတုန်းကဆိုရင် ဖြစ်နိုင်စွမ်းကိုတွက်ဆပြီး နောက်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရရေးအတွက်ပဲ အာရုံစိုက် ခဲ့တာပါ။ ဒါက ပွဲအချက်အလက်တွေကြောင့်မဟုတ်ဘူး။ နောက်လာမယ့်ပွဲကပဲ အရေးအကြီးဆုံး ဆိုတဲ့ စိတ်နဲ့ ကစားခဲ့တာပါ။ မနက်ဖြန်မှာလည်း နောက်လာမယ့်ပွဲအတွက် ပြင်ဆင်ရမှာပါပဲ” ဟု ပြောသည်။
မန်စီးတီးအသင်းသည် ဖေဖော်ဝါရီ ၇ ရက်တွင် အန်ဖီးလ်ကွင်း၌ လက်ရှိချန်ပီယံ လီဗာပူးနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ရာ ထိုပွဲသည်လည်း အနိုင်သုံးမှတ်အတွက်သာ အဓိက ပစ်မှတ်ထားကစားရမည့် ပွဲဖြစ် သည်ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
Ref:Dailymail